မူးယစ်တရားခံတဦးကို ပြောက်ကျားဝတ် လက်နက်ကိုင်အဖွဲ့က ရဲလက်မှလုယက်ခေါ်ဆောင်

June 27, 2015

မန္တလေးတွင် လက်နက်နှင့် မူးယစ်ဆေးများ ဖမ်းမိ

မန္တလေးတိုင်း ဒေသကြီး စဥ့်ကူးမြို့နယ်ကနေ ရွှေဘိုဘက်ကို မောင်းနှင်လာတဲ့ တိုယိုတာ လင်ခရှုဇာ ကားနံပါတ် YGN-7I 2628 အဖြူရောင်ကားကို ရဲတပ်ဖွဲ့က စစ်ဆေးရာမှာ လက်နက်တွေကို ဖမ်းဆီးရမိခဲ့ပါတယ်။ ကားနောက်ဖုံးအတွင်းမှာ ပီနံအိတ် အဖြူနဲ့ ပတ်ထားတဲ့ ပွိုင့် ၃၀၃ ရိုင်ဖယ် ၁ လက်၊ ပွိုင့် ၃၀၈ စနိုက်ပါ တလက်၊ ယာဉ်မောင်းအနောက်ဘက်က ယာဉ်ကြမ်း ခင်းအောက်မှာ ပွိုင့် ၂၂ ပြောင်းရှည် ၁ လက်၊ ၂ လုံးပြူး ၁ လက်၊ ပွိုင့် ၃၀၆ စနိုက်ပါ တလက်တို့ကို တွေ့ရှိခဲ့ပါတယ်။ စုစုပေါင်း လက်နက် ၅ လက်နဲ့ ကျဉ်မျိုးစုံ ၂၅၂ တောင့်တို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါအပြင် စိတ်ကြွ ရူးသွပ်ဆေးပြားတွေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကားကို မောင်းနှင်လာတဲ့သူတွေကတော့ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့နယ် ၈၂ လမ်း၊ ၂၉-၃၀ လမ်းကြားနေ အသက် ၃၈ နှစ် ကိုအောင်ကျော်မိုး နဲ့ ကိုအောင်ဇော်မိုး အမြွှာ ညီအစ်ကိုတွေဖြစ်ပါတယ်။ သူတို့နေထိုင်ရာ မန္တလေးမြို့က အိမ်ကိုရှာဖွေရာမှာ လက်နက်ထုတ်လုပ်ရမှာ အသုံးပြူတဲ့ ဆက်ဆပ်ပစ္စည်းတချို့ကိုလည်း သိမ်းစည်းရမိပါတယ်။ လက်နက် စိတ်ကြွဆေးပြားတွေကို သိမ်းဆည်းထားပြီး သူတို့ ၂ ဦးကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ချမ်းအေးသာစံမြို့နယ်အပိုင် အမှတ် ၈ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ တာဝန်ကျဒုရဲမှုးက ဟုတ်မှန်ကြောင်း ပြောပါတယ်။ “ဟုတ်တယ်ဗျ၊ အကျိုးအကြောင်းကို လက်ဦးမှုရတဲ့သတင်းကို တိုင်းခွင့်ပြုချက်မရဘဲ ကျနော်တို့ ပြောပြလို့ မရဘူးဗျ။” ဓာတ်ပုံ - Hla Moe  
6 years Ago

June 19, 2015

ရဲလက်မှ မူးယစ်တရားခံ လုပြေးသူ ၂ ဦး ဖမ်းဆီးရမိ

ရှမ်းပြည်နယ် တောင်ကြီးခရိုင်အတွင်း  ဇွန်လလယ်ပိုင်းက မူးယစ်တရားခံတဦးကို ရဲအချုပ်ကားပေါ်ကနေ လုယူထွက်ပြေးသူ ၄ ဦးအနက် ၂ ဦး ဖမ်းဆီးရမိပြီလို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။ မနှစ်က လွိုင်ကော်-ရန်ကုန်သွား ခရီးသည်တင်ကားတစီးပေါ်မှာ စိတ်ကြွဆေးပြားအလုံးရေ ၂ ထောင်ခန့်  သယ်ဆောင်လာတဲ့ အသက် ၂၃ နှစ်အရွယ် ခွန်နန်းကို ဖမ်းဆီးရမိပြီး တရားစွဲဆိုစစ်ဆေးနေရာမှာ ဇွန်လ ၁၅ ရက်နေ့ ရုံးထုတ်က အပြန် လုယက်ခေါ်ဆောင်သွားကြတာ ဖြစ်ပါတယ်။ ဖမ်းဆီးရမိသူတွေက သူတို့ဟာ လက်နက်ကိုင်အဖွဲ့အစည်းကမဟုတ်ဘဲ ကယားပြည်နယ်  ဒီမောဆိုမြို့က ကယန်းလူမျိုး အရပ်သားတွေဖြစ်ကြောင်း ထွက်ဆိုကြတယ်လို့ ရှမ်းပြည်နယ်ရဲ တပ်ဖွဲ့မှူးရုံး ဦးစီးအရာရှိ ပထမတန်း ဒု-ရဲမှူးကြီး စန်းလွင်က ပြောပါတယ်။ “လုယူခံရတဲ့ အဓိက တရားခံကိုတော့ မမိသေးပါဘူး။ ဒါပေမယ့် သူ့ကို လုယက်သွားတဲ့ လူ ၄ ဦးထဲက ၂ ယောက်ကို ဖမ်းမိထားတာတော့ ရှိတာပေါ့လေ။  ၁၅ ရက်နေ့ညကစပြီး ကျနော်တို့ တောင်ကြီးမြို့ပေါ် တက်လာတဲ့ ကားတွေကို ပိတ်ဆို့ရှာဖွေစစ်ဆေးရေးတွေလုပ်တာ ၁၆ ရက်နေ့ မနက် ၁ နာရီလောက်ကျတော့ လုယက်စဉ်က အသုံးပြုတဲ့ ကားက အောင်ပန်း ဘက်ကနေ  တောင်ကြီးကို ပြန်တက်လာတယ်။ ကျနော်တို့က စစ်ဆေးဖို့တားတော့ သူတို့က နောက်ပြန်လှည့်ပြီး ထွက်ပြေးဖို့ကြိုးစားတယ်။ အဲဒီခါမှာ ကားက မြောင်းထဲကို ကျွံကျပြီး လူက ထွက်ပြေးသွားတယ်။ အဲဒီအနီးနား ခြုံထဲမှာပုန်းနေတဲ့ တယောက်ကို ဖမ်းမိတယ်။ နာမည်က ခွန်ချစ်မောင် အသက် ၄၁ နှစ် နောက်တယောက်က ပေါလုလို့ခေါ်တယ်။ သူကလွတ်သွားတယ်။ ခွန်ချစ်မောင်ကို စစ်ကြောရေးလုပ်ပြီး နာမည်တွေပြောပြတော့ ဇွန်လ ၁၈ ရက် မနက်စောစော ၄ နာရီလောက်က သူတို့အဖွဲ့ထဲက နောက်တယောက်ဖြစ်တဲ့ မောင်နန်းဆိုသူကို ဒီမောဆိုမြို့ လုံပူကျေးရွာမှာ သွားဖမ်းခဲ့ပါတယ်။” ဖမ်းမိသူ ၂ ဦးကို ပြစ်မှုဆိုင်ရာဥပဒေနဲ့ အမှုဖွင့်စစ်ဆေးဆဲဖြစ်ပြီး စွဲချက်မတင်ရသေး ဘူးလို့ ဆိုပါတယ်။ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ မှတ်တမ်းမှာ ရဲလက်ကနေ တရားခံကို လုယက်သွားတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့  ဒု-ရဲမှူးကြီးက ပြောပါတယ်။
6 years Ago
Up