မူးယစ်စစ်ပွဲကို ကန့်ကွက်ဆန္ဒပြ

February 24, 2018

ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏ မူးယစ်စစ်ပွဲကို ကန့်ကွက်ဆန္ဒပြ

ဖိလစ်ပိုင်မြို့တော် မနီလာမှာ ဒီနေ့မနက်ပိုင်းက ရာနဲ့ချီတဲ့ ကက်သလစ်ခရစ်ယာန်တွေဟာ သမ္မတ ရိုဒရီဂို ဒူတာတေးရဲ့ မူးယစ်စစ်ပွဲအတွင်း ဆက်လက်သတ်ဖြတ်နေမှုကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။ အစိုးရရဲ့ မူဝါဒတွေဟာ လူ့အသက်ကို လိုလားတဲ့ မူဝါဒမဟုတ်ဘူးလို့ သူတို့က ပြောပြီး သင်းအုပ်ဆရာတွေနဲ့ ဘုန်းတော်ကြီးတွေက တရားဟောပါတယ်။ ထောင်နဲ့ချီတဲ့ ယုံကြည်ကိုးကွယ်သူတွေကလည်း စိတ်ပုတီးတွေနဲ့ ဝတ်ပြုကြပြီး ဓမ္မသီချင်းတွေကို သီဆိုခဲ့ပါတယ်။ အောက်လွှတ်တော်မှာ ကြန့်ကြာနေတဲ့ သေဒဏ်ကို ပြန်လည်အသက်သွင်းမယ့် ဥပဒေ မူကြမ်းကိုလည်း ဆန္ဒပြခဲ့ပါတယ်။ မနီလာမြို့တော်က ခရစ်ယာန် ဘုန်းတော်ကြီး ဘရော့ဒရစ် ပါဘီလိုက “ခြိမ်းခြောက်မှုတွေ ရှိနေဆဲပဲ၊ ဥပဒေပြင်ပ သတ်ဖြတ်မှု သတင်းတွေ ကြားနေရဆဲပဲ။ လွှတ်တော်ထဲမှာလည်း သေဒဏ်အတွက် ဥပဒေမူကြမ်းက ရှိနေတယ်” လို့ ပြောပါတယ်။ ဒူတာတေးရဲ့ မူးယစ်နှိမ်နင်းမှုကို ဆန့်ကျင်ပြီး ၂၀၁၇ ဖေဖော်ဝါရီက ဘဝလမ်းကြောင်းလို့ ခေါ်တဲ့ ညီလာခံကို ဖိလစ်ပိုင် ကက်သလစ်ဘုန်းတော်ကြီးတွေ ညီလာခံကို ကျင်းပခဲ့ဖူးပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဒူတာတေး အာဏာရပြီးတည်းက ခုထိ မူးယစ်ဆေး သုံးသူလို့ သံသယရှိတဲ့လူ အယောက် ၃ ထောင်ကျော် သေဆုံးခဲ့ပြီးပါပြီ။  ရဲတွေကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရင်း သတ်မိတာလို့ ပြောပါတယ်။ ဖိလစ်ပိုင်လူမျိုး ၁၀ ယောက်မှာ ၈ ယောက်က ခရစ်ယာန် ဘာသာကို ကိုးကွယ်ကြပါတယ်။
3 years Ago
Up