မူးယစ်ဂိုဏ်း

March 6, 2019

ရဲဝန်ထမ်းများ၏ ပြန်ပေးဆွဲခံရပြီး သေဆုံးခဲ့သည့် လူငယ် ၅ ဦးကိစ္စ မက္ကဆီကိုအစိုးရ တောင်းပန်

မက္ကဆီကို ရဲဝန်ထမ်းတွေဟာ လူငယ်ငါးဦးကို ပြန်ပေးဆွဲပြီး ရက်စက်တဲ့ မူးယစ်ဂိုဏ်းဆီ လွှဲပေးခဲ့တာကြောင့် အဲဒီလူငယ်တွေ သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး မက္ကဆီကိုအစိုးရ တာဝန်ရှိသူတွေက မတ်လ ၃ ရက်နေ့မှာ တောင်းပန်ခဲ့ပါတယ်။ အမျိုးသားလေးဦးနဲ့ အမျိုးသမီးတဦး ပျောက်သွားခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းက ပထမဆုံး အနေနဲ့ အစိုးရက တောင်းပန်တာပါလို့ ကျန်ရစ်သူမိသားစုတွေက ပြောပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်က ဗယ်ရာခရုဇ်မြို့မှာ အဲဒီလူငယ် ငါးဦးဟာ အိမ်ပြန်လာတဲ့လမ်းမှာ ဒေသခံရဲတပ်ဖွဲ့ရဲ့ စစ်ဆေးတာ ခံခဲ့ရပါတယ်။ ရဲဝန်ထမ်းတွေက သူတို့ကို မူးယစ်ဂိုဏ်းနဲ့ ပတ်သက်တယ်လို့ ယူဆပြီး ဆိုးရွားရက်စက်တဲ့ ဂျာလီစကို မျိုးဆက်သစ်မူးယစ်ဂိုဏ်း (Jalisco New Generation) ဆီကို ပို့ခဲ့တာပါ။ အဲဒီနောက်မှာတော့ အပြစ်မဲ့ လူငယ်ငါးဦးစလုံး အသတ်ခံခဲ့ရပြီး သူတို့ရဲ့ အလောင်းတွေလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ အဲဒီအမှုနဲ့ပတ်သက်တဲ့ သံသယရှိသူ ၂၁ ဦးအနက် ရဲဝန်ထမ်း ရှစ်ဦးကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးတာတွေ ပြန်လုပ်သွားမယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထဲရေးဒုဝန်ကြီးက ကတိပြု ပြောခဲ့ပါတယ်။ မက္ကဆီကိုနိုင်ငံမှာ ရာဇဝတ်မူးယစ်ဂိုဏ်းတွေအကြား သွေးထွက်သံယို ပဋိပက္ခတွေ အရှိန်မြင့်လာတာကြောင့် လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း လူပေါင်း ၄ သောင်းလောက် ပျောက်ဆုံးခဲ့ပြီး အမည်မသိ အရိုးစုတွေ ၂ သောင်း ၆ ထောင်ကျော်ကိုလည်း တူးဖော်တွေ့ရှိခဲ့တယ်လို့ အစိုးရ အချက်အလက်တွေက ဖော်ပြပါတယ်။
2 years Ago

April 28, 2017

ထိုင်းရဲကားကို မူးယစ်ဂိုဏ်းကားများ တိုက်ပြီးထွက်ပြေး၊ ရဲက ပစ်ခတ်ဖမ်းဆီး (ရုပ်သံ)

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် ချင်းဆဲန်မြို့နယ်ထဲမှာ ဧပြီ ၂၇ ရက်နေ့ မနက်အစောပိုင်းက ရဲကားကိုတိုက်ပြီး ထွက်ပြေးသွားတဲ့ မူးယစ်ဂိုဏ်းကားပေါ်ကနေ စိတ်ကြွဆေး ၄ သန်းကျော်နဲ့ အိုက်စ်မူးယစ်ဆေး ၁၄၉ ကီလိုဂရမ် ဖမ်းဆီးရမိတယ်လို့ ခေါင်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ အိမ်နီးချင်း တဘက်နိုင်ငံကနေ ဒေသထဲကို မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာမယ်လို့ ကြိုတင်သိရှိထားချက်အရ အမှတ် ၃ ဒေသ မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့တွေက ချင်းဆဲန်မြို့နယ်တွင်း နယ်လှည့်စစ်ဆေးမှုပြုစဉ် ကား ၂ စီးကို စစ်ဆေးဖို့ ရပ်တန့်ခိုင်းရာမှာ ကား ၂ စီးက မရပ်ဘဲ ကျိန်းခေါင်မြို့နယ်ဘက်ကို ထွက်ပြေးသွားကြောင်း၊ သူတို့ထွက်ပြေးရာ လမ်းကြောင်းပေါ်မှာ ရဲကားတစီးက အရှေ့ကနေ ကန့်လန့်ဖြတ် ပိတ်ဆို့ထားပေမယ့် အဲဒီကားက တိုက်ပြီး ထွက်ပြေးသွားလို့ ကားတာယာကို ပစ်ဖောက်ဖမ်းဆီးခဲ့ရတယ်လို့ တာဝန်ကျရဲအရာရှိက သတင်းထောက်ကို ပြောပါတယ်။ အဲဒီကား ၂ စီးကို စစ်ဆေးရှာဖွေရာမှာ အိတ် ၃၇ အိတ်နဲ့ထည့်ထားတဲ့ စိတ်ကြွဆေး အလုံးပေါင်း ၄၀၁၆၀၀၀ (လေးသန်းတသောင်းခြောက်ထောင်) နဲ့ အလေးချိန် ၁၄၉ ကီလိုဂရမ်ရှိ အိုက်စ်ရေခဲမူးယစ်ဆေးတို့ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ ဒီအမှုမှာ တောင်ပေါ်တိုင်းရင်းသားလူမျိုး မုန့်လူမျိုး နိုင်းယာဖာ့သီ ရှဲ့ယန့်နဲ့ နိုင်းဆဒ်ချိုင်း ရှဲ့ယန့်တို့ကို ဖမ်းဆီးရမိပြီး ကျန်တဲ့ ၃ ဦးကတော့ ကားပေါ်ကနေ ဆင်းပြေးကာ မဲခေါင်မြစ်ထဲ ခုန်ချထွက်ပြေး လွတ်မြောက်သွားတယ်လို့ တာဝန်ကျရဲက ပြောသွားပါတယ်။
4 years Ago
Up