မူးယစ်ဂိုဏ်း

July 28, 2018

အနံ့ခံစွမ်းရည်ကြောင့် မူးယစ်ဂိုဏ်းက ဒေါ်လာ ၇ဝဝဝဝ ဆုကြေးထုတ်ခံရသည့် ခွေး

ကိုလံဘီယာနိုင်ငံရဲ့ အကြီးမားဆုံးနဲ့ ရက်စက်အကြမ်းကြုတ်ဆုံး မူးယစ်ဆေးဝါး ဂိုဏ်းတခုက ဆွန်ဘရာလို့ခေါ်တဲ့ ဂျာမာန်မျိုးရင်း အနံ့ခံခွေးတစ်ကောင်ကို ဒေါ်လာ ၇ဝဝဝဝ ဆုကြေးငွေ ထုတ်ပြန်လိုက်တယ်လို့ Inside Edition သတင်းဌာနမှာ ဖော်ပြပါတယ်။ ဆွန်ဘရာရဲ့ တမူထူးခြားတဲ့ အနံ့ခံစွမ်းရည်ကြောင့် သူတို့ဂိုဏ်း တော်တော်လေး အထိနာပြီးတဲ့နောက်မှာ ဒီလိုဆုကြေးထုတ်ပြန်ခဲ့ရတာပဲဖြစ်ပါတယ်။ ဆွန်ဘရာဆိုတဲ့ စကားလုံးဟာ စပိန်စကားနဲ့ အရိပ်လို့အဓိပ္ပာယ်ရပြီး ဆွန်ဘရာဆိုတဲ့ အနံ့ခံခွေးလေးက တော့ယူရာဘီနို့စ်မူးယစ်အဖွဲ့ရဲ့ ကိုကင်း ၁ဝ တန်လောက်ကို ဖမ်းဆီးနိုင်ရေးအတွက် အဓိကနေရာက ပါဝင်ကူညီပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ယူရာဘီနို့စ်အဖွဲ့က ဆွန်ဘရာကို ဆုကြေးငွေ ထုတ်လိုက်တာကြောင့် ကိုလံဘီယာ အမျိုးသားရဲတပ်ဖွဲ့က သူမကို ကာကွယ်ပေးဖို့ ယခင်က ကမ်းရိုးတန်းကင်းလှည့် တပ်ဖွဲ့နေရာကနေ အခုချိန်မှာ ဘိုဂိုဒါမြို့တွင်းကို ရွှေ့ပြောင်းတာဝန်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် အခုချိန်မှာ ဆွန်ဘရာဟာ ကိုလံဘီယာမြို့တော်လေဆိပ်မှာ တာဝန် ထမ်းဆောင်ရတော့မှာပဲ ဖြစ်ပါတယ်။ ဆွန်ဘရာဟာ ခွေးလေးတကောင်ပင်ဖြစ်ပေမယ့်လည်း မူးယစ်ဆေးဝါးမှုအတွက် သံသယရှိသူ ၂၄၅ ဦး အဖမ်းခံရမှုမှာ ပါဝင်ပတ်သက်နေသူဖြစ်ပြီး ကိုလံဘီယာနိုင်ငံရဲ့ သူရဲကောင်းတဦးအဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆွန်ဘရာရဲ့လည်ပင်းကို ရင်းရင်းနှီးနှီးသိုင်းဖက်ကာ ဓာတ်ပုံရိုက်ခံနေတဲ့ သူတွေကိုလည်း မကြာခဏ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဆွန်ဘရာဟာ တာဘိုဆိပ်ကမ်းမှာ တာဝန်ထမ်းဆောင်ခဲ့ချိန်တုန်းက သင်္ဘောပေါ်မှာ ကားပစ္စည်းတွေနဲ့အတူ တင်ဆောင်လာတဲ့ ကိုကင်းလေးတန်ကို ဖမ်းဆီးနိုင်ခဲ့ပြီး စက်တွေထဲမှာ ဖွက်ယူလာတဲ့ ကိုကင်းတွေကို ဖမ်းမိအောင်လည်း ကူညီနိုင်ခဲ့ပါသေးတယ်။ မကြာခဏ ဖမ်းဆီးမှုတွေနဲ့ ရင်ဆိုင်လာရမှုကြောင့် ထိတ်လန့်လာတဲ့ ယူရာဘီနို့စ်အဖွဲ့ဟာ ရဲတယောက်အား သတ်နိုင်သူတိုင်းကို ဒေါ်လာ ၅ဝဝ ပေးမယ်လို့ ဆုကြေးငွေ ထုတ်ပြန်ထားတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ဆွန်ဘရာကို ဒေါ်လာ ၇ဝဝဝဝ ထုတ်ပြန်ထားတာကြောင့် ဆွန်ဘရာနဲ့ ပတ်သတ်တဲ့ သူတို့ရဲ့ နာကျည်းချက်ကို မြင်တွေ့နိုင်မှာ ဖြစ်တယ်လို့လည်း ကိုလံဘီယာရဲတပ်ဖွဲ့က ပြောပါတယ်။
3 years Ago
Up