မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ညီမ ကင်ယိုဂျုံဟာ တောင်ကိုရီးယားနိုင်ငံ အပေါ် ပိုအားပြင်းတဲ့ ဖိအားသစ်ပေးရာမှာ ခေါင်းဆောင်အခန်းကဏ္ဍကို ယူခဲ့တယ်လို့ နိုင်ငံရေးအကဲခတ်အချို့က သုံးသပ်ပါတယ်။
ဒါဟာ သူ့အစ်ကိုရဲ့ လက်ထောက်အဆင့်ကို ကျော်ပြီး မူဝါဒရေးရာအခန်းကဏ္ဍကို ထိထိရောက်ရောက် ယူလိုက်တာလို့ အကဲခတ်တွေကို ကိုးကားပြီး ရိုက်တာက ရေးပါတယ်။
အသက် ၃၀ စွန်းစွန်းလို့ ယုံကြည်ရတဲ့ ကင်ယိုဂျုံဟာ နိုင်ငံရေးမှာ လူသိရှင်ကြား အခန်းကဏ္ဍကပါနေတဲ့ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့တဦးတည်းသော ဆွေမျိုးလည်း ဖြစ်ပါတယ်။
၂၀၁၈-၂၀၁၉ နိုင်ငံတကာသံခင်းတမန်ခင်းမှာ ကင်ယိုဂျုံဟာ ၂၀၁၈ ဆောင်းရာသီ အိုလံပစ် ပွဲရဲ့ ဦးဆောင် ကိုယ်စားလှယ်အဖြစ် ကမ္ဘာက အာရုံစိုက်တာကို ခံခဲ့ရပါတယ်။
အဲဒီနောက်မှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဗီယက်နမ်နိုင်ငံက ထိပ်သီးညီလာခံ အတွက် ဘူတာရုံကနေ ညီလာခံကျင်းပရာ နေရာကို လာတဲ့လမ်းမှာ ကင်အတွက် ဆေးလိပ်ပြာခွက် ကိုင်ရင်း လိုက်လာတာအပါအဝင် သူ့အစ်ကိုအတွက် အရာအားလုံး ချောမွေ့စေဖို့ ပြင်ဆင်ပေးနေတာကို မကြာခဏ မြင်ကြရပါတယ်။
ဒီနှစ်မှာတော့ ကင်ယိုဂျုံဟာ မူဝါဒချမှတ်တဲ့ အခန်းကဏ္ဍမှာ ပိုပြီး လူသိရှင်ကြား နေရာယူလာပြီး သြဇာလွှမ်းနိုင်တဲ့ နိုင်ငံရေးကစားသူအဖြစ် သူ့ဆင့်အတန်းကို အခိုင်အမာ ယူခဲ့ပါတယ်။
ကင်ယိုဂျုံဟာ မြောက်ကိုရီးယား ဝါဒဖြန့်ချိရေးဌာနတွေအတွင်း နောက်ကွယ်ကနေ အလုပ်လုပ်ခဲ့သူပါ။
လူ့အခွင့်အရေး အလွဲသုံးစားလုပ်မှုနဲ့ ဆင်ဆာဖြတ်မှုတွေအတွက် ၂၀၁၇ မှာ ဒဏ်ခတ်ခံ အကြီးတန်း အရာရှိများ စာရင်းထဲမှာ အမေရိကန်အစိုးရက ကင်ယိုဂျုံကို ထည့်သွင်းခဲ့ရပါတယ်။
9 months Ago