မူလဖွဲ့စည်းပုံအခြေခံဥပဒေဆီ

February 3, 2018

မူလဖွဲ့စည်းပုံအခြေခံဥပဒေဆီပြန်သွားရန် ဗင်နီဇွဲလားကို အမေရိကန် တိုက်တွန်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်ရဲ့ လက်တင်အမေရိက ၅ နိုင်ငံ အလည်အပတ်ခရီးစဉ် စစချင်းမှာပဲ ဗင်နီဇွဲလားအစိုးရကို မူလဖွဲ့စည်းပုံအခြေခံဥပဒေဆီ ပြန်သွားဖို့ တိုက်တွန်းလိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ အခုခရီးစဉ်မစတင်မီ တက္ကဆပ်ပြည်နယ်မှာ ဗင်နီဇွဲလားနဲ့ ပတ်သက်ပြီး မှတ်ချက်ပြုစကားပြောကြားရာမှာ ဗင်နီဇွဲလားနိုင်ငံငြိမ်းချမ်းစွာ အပြောင်းအလဲဖြစ်ရေးမှာ ဗင်နီဇွဲလားစစ်တပ်အနေနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်ဖွယ်ရှိတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ အဲဒီမှတ်ချက်စကားနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ မဟာမိတ် မက္ကဆီအပါအဝင် လက်တင်အမေရိကန်နိုင်ငံတွေအနေနဲ့ စိတ်ဆိုးဒေါသထွက်ခဲ့ကြပါတယ်။ မက္ကဆီကို အနေနဲ့ နိုင်ငံရေးစီးပွားရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ မငြိမ်ချမ်းတဲ့ နည်းလမ်းနဲ့ အပြောင်းအလဲကို လက်မခံဘူးလို့လည်း မက္ကဆီကို နိုင်ငံက ပြောကြားထားပါတယ်။ လက်ရှိ မက္ကဆီကိုနိုင်ငံမှာ ရောက်ရှိနေပြီး မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး၊ ကနေဒါနိုင်ငံခြားရေးဝန်ကြီးတို့နဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က  “ကျနော်တို့ မြင်တွေလိုတာက ဗင်နီဇွဲလားမျာ ငြိမ်းချမ်းစွာအကူးပြောင်း ဖြစ်ဖို့ပါ။ သမ္မတ မာဒူရိုအနေနဲ့ ဗင်နီဇွဲလားမူလ အခြေခံဥပဒေကို ပြန်သွားမယ်ဆိုရင် တရားနည်းလမ်းတကျ ရွေးကောက်တင်မြောက်ထားတဲ့ လွှတ်တော်ကို ပြန်လည်အသုံးပြုမယ်။ တရားမဝင်တဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ကို ဖျက်သိမ်းပြီးတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ပြန်သွားမယ်ဆိုရင် သူ့အနေနဲ့ သမ္မတရာထူးမှာ ဆက်ရှိနေပြီး လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲ ကျင်းပတာ ပိုအဆင်ပြေမှာပါ။ ဒါမှမဟုတ် သူရာထူးကဆင်းပြီး၊ နောက်တက်လာတဲ့သူကလည်း အဲဒီလိုလုပ်မယ်ဆိုရင် အဆင်ပြေပါတယ်။ ကျနော်တို့အမြင်က မူလအခြေခံဥပဒေကို ပြန်သွားဖို့ပါ” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က ပြောပါတယ်။
3 years Ago
Up