မူလတန်းပြဆရာမ

May 5, 2017

ကလေးငယ်ကို ဆံပင်ကိုင် တရွတ်တိုက်ဆွဲခဲ့သည့် မူလတန်းပြဆရာမရုပ်သံ ဝေဖန်မှုမြင့်တက်

တရုတ်နိုင်ငံမှာ ကလေးငယ်တဦးရဲ့ ဆံပင်ဖုတ်ကိုဆွဲကာ ကြမ်းပြင်မှာ တရွတ်တိုက်ဆွဲခေါ်ခဲ့တဲ့ မူလတန်းပြဆရာမတဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင် ထွက်ပေါ်ခဲ့ပြီးနောက် ဝေဖန်မှုတွေ မြင့်တက်နေခဲ့ပါတယ်။ အဲဒီကလေးငယ်ဟာ မိန်းကလေးတဦးဖြစ်ပြီး ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူဟာ  ငိုယိုနေခဲ့ပြီး အိမ်ပြန်ချင်တယ်လို့ ပြောနေခဲ့ချိန်မှာ ဆရာမက ဆံပင်ကနေဆွဲကာ တရွတ်တိုက်အနေအထားနဲ့ ဆွဲခေါ်သွားခဲ့တာကို တွေ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းခရိုင်၊ ဒေါင်ဂွမ်မြို့မှ နိုင်ငံခြားဘာသာသင် ကျောင်းတခုမှာ မေလ ၂ ရက်နေ့က ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အဲဒီအခြေအနေကို မျက်မြင်တွေ့ရှိတဲ့ စာပို့လုလင်တဦးက မှတ်တမ်းတင်ရိုက်ကူးခဲ့တာဖြစ်ပြီး သူက အဲဒီဆရာမဆီ ဘာကြောင့် ခုလိုလုပ်ရသလဲလို့ သွားရောက်မေးမြန်းခဲ့ချိန်မှာ ဆရာမက သူဟာ ကလေးငယ်ရဲ့ မိခင်ဖြစ်ပြီး ဝင်မပါဖို့ တုံ့ပြန် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူကတော့ မယုံကြည်နိုင်ခဲ့ပဲ ဒါကို သက်ဆိုင်ရာ ကျောင်းတာဝန်ရှိသူတွေဆီ သွားရောက်ပြီး တိုင်ကြားခဲ့တယ်လို့ Shanghaiist သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အဲဒီနောက်တော့ ကလေးငယ်ရဲ့ မိခင်ဖြစ်သူက ကျောင်းအုပ်ကို သွားရောက်တိုင်ကြားခဲ့ပြီးနောက်မှာတော့ အဲဒီကျောင်းဆရာမကို ပြစ်ဒဏ်ပေးနိုင်ဖို့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလောမှာတော့ ဝေဘို တရုတ်အင်တာနက်လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေခဲ့ပြီး ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သောင်း ၁ ထောင်ကျော် ဝင်ရောက်ကြည့်ရှုခဲ့ကြကာ လူမဆန်တဲ့ သူ့ရဲ့ အပြုအမူအတွက် ဝေဖန်မှုတွေ မြင့်တက်နေခဲ့တာပါ။
4 years Ago
Up