ပါကစ္စတန် သမ္မတဟောင်းနဲ့ ဗိုလ်ချုပ်ကြီးဟောင်း ပါဗက်မူရှာရက်ဖ်ကို နိုင်ငံတော် ပုန်ကန်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖောက်ဖျက်မှု စွဲချက်တွေနဲ့ အကြမ်းဖက်တိုက်ဖျက်ရေး တရားရုံးက ဒီဇင်ဘာလ ၁၇ ရက်မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။
ပါဗက်မူရှာရက်ဖ်ဟာ ဖွဲ့စည်းပုံဥပေဒ ချိုးဖောက်မှုဆိုင်ရာ ပုဒ်မ-၆ ကို ကျူးလွန်ကြောင်း တွေ့ရတယ်လို့ အစိုးရ ဥပဒေအရာရှိတဦးက ပြောခဲ့ပါတယ်။
၂၀၀၇ ခုနှစ်တုန်းက အရေးပေါ်အခြေအနေ ကြေညာခဲ့မှုအတွက် သမ္မတဟောင်း မူရှာရက်ဖ်ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ ရုံးတင်စစ်ဆေးနေတာ ဖြစ်ပါတယ်။
၁၉၉၉ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ မူရှာရက်ဖ်ဟာ နောက်ပိုင်းမှာ သမ္မတအဖြစ် ပါကစ္စတန်နိုင်ငံကို အုပ်ချုပ်ခဲ့ပြီး လောလောဆယ်မှာတော့ မူရှာရက်ဖ်ဟာ ပါကစ္စတန်နိုင်ငံ ပြင်ပမှာ နေထိုင်နေပါတယ်။
ပြစ်ဒဏ်နဲ့ပတ်သက်လို့ မူရှာရက်ဖ်အနေနဲ့ တစုံတရာ မှတ်ချက်ပေးဖို့ ဆက်သွယ်ရာ ဆက်သွယ်လို့ မရသေးပါဘူး။
၂၀၀၇ ခုနှစ်တုန်းက မူရှာရက်ဖ် အမိန့်နဲ့ ပါကစ္စတန်တပ်ဖွဲ့တွေက မြို့တော် အစ္စလာမ်ဘတ်ရှိ ဗလီနီကို ဝင်ရောက်စီးနင်းပြီး အကြမ်းဖက်သမားတွေကို ဖြိုခွင်းခဲ့ပါတယ်။
အဲဒီအကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးမှာ လူ ၁၀၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြခဲ့ပါတယ်။
ဓာတ်ပုံ- AFP
1 year Ago