မူပိုင်ခွင့်

May 9, 2021

ကိုဗစ်ကာကွယ်ဆေး မူပိုင်ခွင့်ငြင်းဆန်မှုအပေါ် ပုပ်ဖရန်စစ် ထောက်ခံ

ဂျာမနီအပါအ၀င် တချို့ဥရောပနိုင်ငံများက လက်ခံကြပြီး အမေရိကန်သမ္မတဂျိုးဘိုင်ဒန် အဆိုပြုထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် အသိဉာဏ်မူပိုင်ခွင့် ငြင်းဆန်ကြခြင်းကို ပုပ်ရဟန်းမင်းကြီးဖရန့်စစ်က မေ ၈ ရက်မှာ ထောက်ခံအားပေးလိုက်ပါတယ်။ 

ကမ္ဘာပေါ်မှာ coronavirus ကြောင့် သေဆုံးခဲ့ရတဲ့ လူပေါင်းများစွာကို အမှတ်ရပေးပြီး တို့တွေဟာ ဈေးကွက်ဥပဒေတွေ၊ အသိဉာဏ်ပစ္စည်းဈေးကွက်တွေ၊ အသိဉာဏ်မူပိုင်ခွင့်တွေပေါ်မှာ လူသားတွေကျန်းမာရေးနဲ့ ချစ်ခြင်းမေတ္တာအတွက် ပိုထာရှိးရမယ်လို့လည်း ဆိုပါတယ်။

 ကာကွယ်ဆေးများ တရားမျှတစွာ ရယူသုံးစွဲနိုင်ရေး မြှင့်တင်ဖို့ ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေ ရှာဖွေရေးပွဲမှာ ဗွီဒီယိုမက်ဆေ့ခ်ျ ပေးပို့လာတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ မိန့်ခွန်းထဲမှာ  ကမ္ဘာကြီးဟာ လူတဦးတယောက်ချင်းဆီကနေ ဗိုင်းရပ်စ်တွေ ကူးစက်ခံထားနေရပြီလို့ ထည့်သွင်းပြောကြား သွားပါတယ်။ 

ပုပ်ရဟန်းမင်းကြီးရဲ့မိန့်ခွန်းဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် မူပိုင်ခွင့်ကာကွယ်မှုကို စွန့်လွှတ်သင့်၊ မသင့် နဲ့ပတ်သက်ပြီး ဆေးဝါးကုမ္ပဏီတွေ ဆွေးနွေးငြင်းခုံနေကြချိန်မှာ ပြောကြား လာတာပါ။ 

ဒီကိစ္စကို ကျောထောက်နောက်ခံပြု ဆောင်ရွက်နေတဲ့ သမ္မတ ဘိုင်ဒန်ဆီ အိန္ဒိယ၊ တောင်အာဖရိကနှင့်တခြားနိုင်ငံ ၁၀၀ ကျော်မှ ဖုန်းခေါ်ဆိုလာကြပါတယ်။ 

ဒါပေမယ့် ဂျာမနီနှင့်ပြင်သစ်တို့ ဦးဆောင်တဲ့ ဥရောပနိုင်ငံတွေကတော့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို အဆုံးသတ်ဖို့ အဓိက သော့ချက်ဟာ ကာကွယ်ဆေးတွေကို မြန်မြန်ထုတ်လုပ် မြန်မြန်ဝေမျှရေးသာ ဖြစ်တယ်လို့ ပြောပါတယ်။ 

7 months Ago

February 11, 2020

မူပိုင်ခွင့်ချိုးဖောက်မှုဖြင့် အမေရိကန် ဖုန်းကုမ္ပဏီကို Huawei တရားစွဲ

မူပိုင်ခွင့်ချိုးဖောက်တာတွေနဲ့ ပတ်သက်လို့ အမေရိကန် ဖုန်းကုမ္ပဏီ Verizon ကို တရားစွဲဆိုလိုက်တယ်လို့ Huawei က ထုတ်ပြန်ပါတယ်။ နယူးယော့ခ်အခြေစိုက် Verizon ကုမ္ပဏီကို Huawei ကုမ္ပဏီက အမေရိကန်မှာ မူပိုင်ခွင့်တင်ထားတဲ့ နည်းပညာ ၁၂ မျိုးကို သုံးတဲ့အတွက် လျော်ကြေးတောင်းလိုက်တာပါ။ ဖေဖော်ဝါရီ ၆ ရက်က တက္ကဆက်ပြည်နယ်အရှေ့ပိုင်းနဲ့ အနောက်ပိုင်းခရိုင် တရားရုံးတို့မှာ တရားစွဲဆိုခဲ့တယ်လို့ ဆိုပါတယ်။ “Huawei က နှစ်ပေါင်းများစွာကြာ သုတေသနပြုပြီး ဖန်တီးလာခဲ့တဲ့၊ မူပိုင်ခွင့်တင်ထားပြီး နည်းပညာတွေဆီကနေ Verizon ရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေက အကျိုးအမြတ် ခံစားနေခဲ့တာ ဖြစ်ပါတယ်” လို့ Huawei ရဲ့ ဥပဒေအရာရှိချုပ် Dr. Song Liuping က ပြောပါတယ်။ Huawei ကုမ္ပဏီဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ သုတေသနနယ်ပယ်မှာ ရင်းနှီးမြှုပ်နှံဖို့အတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၇၀ ကျော်သုံးခဲ့ပြီး ကမ္ဘာအနှံ့ မူပိုင်ခွင့်ပေါင်း ၈၀,၀၀၀ ကျော်အထိ ရထားပြီလို့ ဆိုပါတယ်။ ဒါဟာ အမြတ်ငွေထဲက ၁၅ ရာခိုင်နှုန်းအထိလောက်ကို သုတေသနအတွက် သုံးထားပြီး မူပိုင်ခွင့်ပေါင်း ၁၀,၀၀၀ ကျော်ဟာ အမေရိကန်ပြည်ထောင်စုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက သုတေသနအတွက် အသုံးစရိတ်ဟာ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံအထိ ရှိတယ်လို့ ဆိုပါတယ်။ တရားမစွဲခင်က ကုမ္ပဏီနှစ်ခုဟာ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး Huawei ကုမ္ပဏီက သူ့ရဲ့ မူပိုင်ခွင့်တွေကို Verizon က သုံးထားတယ်ဆိုတာ သက်သေအခိုင်အလုံနဲ့ မူပိုင်ခွင့်စာရင်းကို တင်ပြခဲ့ပေမယ့်  လိုင်စင် စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီး သဘောတူညီမှုမရခဲ့ဘူးလို့ Huawei က ဆိုပါတယ်။ “အခုအချိန်ထိ နှစ်ပေါင်းများစွာကြာအောင် ကျနော်တို့တွေဟာ ကုမ္ပဏီအများအပြားနဲ့ မူပိုင်ခွင့်လိုင်စင် သဘောတူညီမှုတွေကို အောင်မြင်စွာ ညှိနှိုင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အကြောင်းမလှလို့ သဘောတူညီမှုတွေ မရရှိနိုင်တဲ့အခါတွေကျရင်တော့ ကျနော်တို့မှာ တရားဥပဒေအရ ဖြေရှင်းတဲ့နည်းအပြင် တခြား ရွေးချယ်စရာ မရှိပါဘူး။ Verizon အနေနဲ့ သူတို့ရဲ့ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေမှာ Huaweiက မူပိုင်ခွင့်တင်ထားပြီး နည်းပညာတွေ အသုံးပြုနေတဲ့အတွက် စရိတ်ပေးချေတာ၊ ဒါမှမဟုတ်ရင် အဲဒီလို အသုံးပြုနေတာက ရပ်ဆိုင်းတာတွေ ပြုလုပ်ရပါမယ်” လို့ Huawei ရဲ့ ဥပဒေအရာရှိချုပ် Dr. Song Liuping က ပြောပါတယ်။ ၂၀၁၅ ခုနှစ်က စလို့ Huawei ဟာ မူပိုင်ခွင့်လိုင်စင် ရောင်းချ၊ အသုံးပြုစေတာကနေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကျော် ရခဲ့ပြီး တခြားသူတွေ ဖန်တီးထားတဲ့ မူပိုင်ခွင့်တင်ပြီး နည်းပညာတွေကို တရားဝင်အသုံးပြုဖို့အတွက်လည်း အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော် ပေးဆောင်ခဲ့ပြီးပြီလို့ ဆိုပါတယ်။ ဒီထဲက ၈၀ ရာခိုင်နှုန်းကျော်ကတော့ အမေရိကန်က ကုမ္ပဏီတွေကို ပေးဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ ပြီးတော့ အမေရိကန်၊ ဥရောပ၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့က ICT ရောင်းချသူ မူပိုင်ခွင့်ပိုင်ရှင် လုပ်ငန်းကြီးတွေနဲ့ မူပိုင်ခွင့် လဲလှယ် အသုံးပြုဖို့ သဘောတူညီမှုပေါင်း ၁၀၀ ကျော် လက်မှတ်ထိုးထားတယ်လို့လည်း ဆိုပါတယ်။
2 years Ago
Up