မူဆယ်ဆန္ဒပြ

March 12, 2021

မူဆယ်ဆန္ဒပြမှုတွင် ဖမ်းဆီးခံထားရသူများအနက် ၄ ဦးပြန်လွတ်လာ

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုကြောင့် မနေ့က ၁၃ ဦး အဖမ်းခံခဲ့ရပြီး ၄ ဦး ပြန်လွှတ်ပေးခဲ့ပါတယ်။ 

ဖမ်းဆီးခံရသူတွေ ပြန်လွှတ်ရေးအတွက် မူဆယ်စေတနာ့ဝန်ထမ်းရှေ့နေတွေနဲ့ SNLD ပါတီလွှတ်တော်ကိုယ်စားလှယ်တို့က သက်ဆိုင်ရာတွေနဲ့ တွေ့ဆုံညှိနှိုင်းခဲ့အပြီး စုစုပေါင်း ၄ ယောက်ကိုသာ လွှတ်ပေးခဲ့တယ်လို့  စေတနာဝန်ထမ်းရှေ့နေတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“သူတို့တွေကိုလွှတ်ပေးဖို့ ကျနော်တို့ရဲစခန်းကိုလိုက်သွားတယ်။ SNLD လွှတ်တော်ကိုယ်စားလှယ်ကလည်း သက်ဆိုင်ရာတွေသွားတွေ့ပါတယ်။ မနေ့ည ၆ နာရီနဲ့ ၇ နာရီကြားမှာတော့ ၄ ယောက်ပြန်လွှတ်ပေးတယ်။ အသက် ၁၈ နှစ်မပြည့်တဲ့ လူငယ် ၃ ယောက်ရယ်၊ ပြီးတော့ ကလေးငယ်တွေကျန်ခဲ့တဲ့ ကလေးအမေ ၁ ယောက်ရယ်၊ ကျန်တဲ့သူတွေတော့ မလွှတ်ဘူးဗျ၊ ပုဒ်မ ၅၀၅ ( က ) နဲ့  အမှုဖွင့်ဖို့ ဆောင်ရွက်နေတယ်တဲ့၊ အမှုကို ဒီကနေ့ ယမန်ယူမယ်လို့ပြောတယ်။”

အဆိုပါ ပုဒ်မ ၅၀၅ (က) မှာ အကြမ်းအားဖြင့် နိုင်ငံတော်အကြည်ငြိုပျက်စေမှုနဲ့ ဆူပူမှုဖြစ်ပွါးအောင်စည်းရုံးလှုံ့ဆော်မှုတွေပါဝင်ပြီး ရဲအရေးပိုင်အမှုဖြစ်တဲ့အတွက် အာမခံမရ ကြောင်း၊ တရားစီရင်ပြီးပါက ပြစ်ဒဏ်မှာ ၃ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်  ဒါမှမဟုတ် ငွေဒဏ် ချမှတ်ခံရနိုင်တယ်လို့ ဆိုပါတယ်။  

မူဆယ်မှာ ဖေဖော်ဝါရီ ၃ ရက်နေ့ကတည်းက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ စတင်ခဲ့ပြီးနောက် ဒီနေ့အထိ လူပေါင်း ၁၈ ဦး ဖမ်းဆီးခံခဲ့ရပြီး အချို့ကို ပြန်လွှတ်ပေးခဲ့ကာ ပြန်မလွတ်သေးသူ ၁၀ ဦးကျော်ကျန်သေးတယ်လို့ ဆိုပါတယ်။ 

  ဒီကနေ့မနက် ၁၀ နာရီထိ သပိတ်စစ်ကြောင်းတွေ ထွက်လာတာမတွေ့သေးကြောင်း၊ ဒါပေမယ့် စစ်တပ် နဲ့ ရဲတွေပါတဲ့ လုံခြုံရေးတပ်ဖွဲ့တွေကတော့ မူဆယ်မြို့ နေရာအနှံ့မှာ လှည့်လည်စောင့်ကြပ်နေတယ်လို့  မူဆယ်ဒေသခံတွေက ပြောပါတယ်။ 

9 months Ago
Up