မူဆယ်ခရိုင်တွင် မိုင်း ၂ လုံးပေါက်ကွဲ၍ အမျိုးသမီး ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ

September 20, 2018

မူဆယ်ခရိုင်တွင် မိုင်း ၂ လုံးပေါက်ကွဲ၍ အမျိုးသမီး ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင် ၁ဝ၅ မိုင်နဲ့ ပန်ဆိုင်း-ကြူကုတ် လမ်းပေါ်မှာ စက်တင်ဘာ ၁၉ ရက်ညနေက မိုင်း ၂ လုံးပေါက်ကွဲလို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ၁ဝ၅ မိုင် နဲ့ ပန်းဆိုင်း-ကြူကုတ်လမ်းပေါ်မှာ တပ်ဆင်ထားတဲ့ ဆယ်သွယ်ရေး တာဝါတိုင်အနီးမှာ မိုင်း ၁ လုံးပေါက်ကွဲလို့ တာဝါတိုင် အောက်ခြေကို ထိခိုက်ခဲ့ပြီး ၂ နာရီခြားလောက်မှာ နောက်ထပ် ၁ လုံးပေါက်ကွဲခဲ့တာဖြစ်ပြီး လမ်းသွားနေတဲ့ သားအမိ ၂ ဦး ထိခိုက်ခဲ့တာလို့ မူဆယ်ဒုခရိုင်မှူး ဦးဥက္ကာက ပြောပါတယ်။ “ပထမ ၁ လုံးကွဲတော့ ဆက်သွယ်ရေး တာဝါတိုင်ရဲ အောက်ခြေပဲ့သွားတာပေါ့။ အဲဒါနဲ့ ၂ နာရီနီးပါးလောက်ကွာပြီးတော့ နောက် ၁ လုံး အဲနားလေးမှာ ထပ်ကွဲတာ။ ကွဲတော့ လမ်းပေါ်မှာသွားနေတဲ့ သားအမိ ၂ ယောက်ပေါ့။ ဆိုင်ကယ်နဲ့ပြန်လာတာ သူတို့ကို သွားပြီထိတာ။ ထိတော့ မအေလုပ်တဲ့သူကတော့ အဲဒီမှာတင် ဆုံးသွားတာပေါ့။ သမီးလုပ်တဲ့သူကတော့ ဆေးရုံရောက်၊ လောလောဆယ် ၂ ယောက်လုံးကို ကျနော်တို့ ဆေးရုံကို ပို့ထားပါတယ်။” မူဆယ်ဒေသတဝိုက်မှာ လက်နက်ကိုင်အဖွဲ့စုံ လှုပ်ရှားနေတဲ့အတွက် ဘယ်အဖွဲ့က ထောင်ထားတဲ့ မိုင်းလဲဆိုတာကိုတော့ တိတိကျကျ မပြောနိုင်ဘူးလို့  ခရိုင်မှူးက ပြောပါတယ်။ မူဆယ်ဒေသဟာ ပြည်သူ့စစ်အဖွဲ့တွေအပြင် အန်စီအေ အပစ်ရပ်လက်မှတ် မထိုးရသေးတဲ့ မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အတော်များများ လှုပ်ရှားနေတဲ့ နေရာဖြစ်ပါတယ်။
3 years Ago
Up