မူခတွင်းရွ

September 3, 2021

ဒီပဲယင်းမြို့နယ်၊ မူခတွင်းရွာက ဖမ်းဆီးခံပြည်သူ ၇ ဦး ပြန်လည်လွတ်မြောက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးခတွင်းကျေးရွာက အကြောင်းမဲ့ဖမ်းဆီးခံခဲ့ရတဲ့ ရွာသား ၇ ဦးကို စစ်တပ်ကပြန်လည်လွှတ်ပေးလိုက်ပြီလို့ ဒေသခံရွာသားတွေက ပြောပါတယ်။

အဆိုပါရွာသားတွေကို ဩဂုတ်လ ၈ ရက်နေ့က စစ်ကောင်စီ စစ်တပ်က ရွာကို စီးနင်းပြီးဖမ်းဆီးသွားခဲ့တာဖြစ်ပြီး ၁၄ နှစ်အရွယ် ကလေးတစ်ဦးလည်း ဖမ်းဆီးခံရတဲ့ အထဲပါသွားတာဖြစ်ပါတယ်။  

ဒေသခံရွာသားတစ်ဦးက “သူတို့ ဒီနေ့မနက်ပဲ ပြန်လွှတ်ပေးလိုက်တယ်ဗျ။ အသက် ၁၄ နှစ်လောက်ရှိတဲ့ ကလေး တစ်ယောက်အပါအဝင် အသက်အရွယ်စုံ ၇ ယောက်ပေါ့‌ဗျာ။ ကျနော်တို့ရွာကို စစ်တပ်ဝင်တုန်းက ဖမ်းသွားတာ။ စစ်တပ်ဝင်တဲ့အချိန်တုန်းကတော့ ဘယ်သူ့ပါတယ်၊ ဘယ်နှယောက်ဖမ်းတယ် ဆိုတာ အတိအကျမသိကြဘူးလေ၊ ပြေးကြရလွှားကြရတာဆိုတော့။ အခုမှပဲ ဘယ်သူ ဘယ်ဝါ တွေ ဖမ်းတယ်ဆိုတာသိရတာ။ သူတို့အားလုံး  ကျန်းမာရေးကတော့ ကောင်းပါတယ်”လို့ပြောပါတယ်။

ဒီပဲယင်းမြို့နယ်မှာ ၈ လေးလုံးနှစ်ပတ်လည်နေ့ကစပြီး ကျေးရွာ ၁၀ ရွာလောက်ကို  စစ်တပ်က စီးနင်းဝင်ရောက်ခဲ့တာဖြစ်ပြီး ဩဂုတ်လ ၂၁ ရက်နေ့မှာတော့ ဒီပဲယင်းအရှေ့ပိုင်းကျေးရွာတွေ အားလုံးကို မီးရှို့ဖျက်ဆီး ပစ္စည်းယူ ဒေသခံတွေကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

3 months Ago
Up