မူကြိုကလေးငယ်များ

September 29, 2020

မူကြိုကလေးငယ်များကို အဆိပ်ခတ်ခဲ့သည့် တရုတ်ဆရာမ ၁ ဦး သေဒဏ်ချမှတ်ခံရ

တရုတ်နိုင်ငံမှာ မူကြိုကလေးငယ် ၂၅ ယောက်ကို အဆိပ်ခတ်မှုနဲ့ ကျောင်းဆရာမတစ်ဦးကို တရားရုံးက  စက်တင်ဘာ ၂၈ ရက်မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။ မနှစ်က ဟီနန်ပြည်နယ် ကျောင်းဇိုမြို့ရှိ မူကြိုကျောင်းတစ်ခုက ကလေးငယ်တွေဟာ မနက်စာ ဆန်ပြုတ်စားပြီး အန်တာနဲ့ မေ့လဲတာတွေ ဖြစ်ခဲ့တာကြောင့် ဆေးရုံအမြန် ပို့ခဲ့ရပါတယ်။   အဲဒီနောက် ကလေးငယ်တွေကို မူကြိုဆရာမက အဆိပ်ခတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိခဲ့ပြီးနောက် ရဲက စုံစမ်းစစ်ဆေးပြီး ဆရာမ ဝမ်းယန်ကို  ဖမ်းဆီးခဲ့တာပါ။ မူကြိုဆရာမ ဝမ်းယန်ဟာ လုပ်ဖော်ကိုင်ဖက်ဆရာမနဲ့  စကားများပြီးနောက် လက်စားချေတဲ့ အနေနဲ့ အဲဒီဆရာမကလေးတွေရဲ့ မနက်စာထဲမှာ ဆိုဒီယမ်နိုက်ထရိတ်ကို ထည့်ခဲ့တယ်လို့ တရားရုံးက ပြောဆိုပါတယ်။ မနှစ်က မတ် ၂၇ မှာ ဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်ကြောင့် တရုတ်တနိုင်ငံလုံး တုန်လှုပ်ချောက်ချားခဲ့ပြီး ကမ္ဘာ့သတင်းခေါင်းစဉ်တွေမှာ ပါလာခဲ့ပါတယ်။ အဆိပ်ခတ်ခံရတဲ့ ကလေးငယ်တစ်ဦးဟာလည်း ၁၀ လကြာ ဆေးရုံတက်ခဲ့ရပြီးနောက်  ပြီးခဲ့တဲ့ဇန်နဝါရီလက ဆေးရုံမှာပဲ သေဆုံးခဲ့ပါတယ်။ စက်တင်ဘာ ၂၈ ရက်မှာတော့ တရားရုံးက ဆရာမဝမ်းယန်ဟာ ကလေးတွေ သောက်မယ့် ဆန်ပြုတ်ထဲ ဆိုဒီယမ်နိုက်ထရိတ် ထည့်ခဲ့တယ်လို့ ထုတ်ပြန်ပြီး သူ့ကို သေဒဏ်ချမှတ်လိုက်တာပါ။   ဒါ့အပြင် မစ္စဝမ်းယန်အနေနဲ့ မူကြိုကလေးငယ်တွေကို အဆိပ်ခတ်တာက ပထမဆုံး မဟုတ်ဘဲ အစောပိုင်းတုန်းက သူဟာ အွန်လိုင်းကနေ ဆိုဒီယမ်နိုက်ထရိတ် မှာယူပြီး ဒဏ်ရာရထားတဲ့ ခင်ပွန်းဖြစ်သူကို အဆိပ်ခတ်ဖူးတယ်လို့လည်း တရားရုံးက  ပြောပါတယ်။
8 months Ago
Up