မုံးကိုးမြို့နယ်

August 30, 2021

မုံးကိုးမြို့နယ် နမ့်ဟာရွာမှာ လက်နက်ကြီးကျည် ကျရောက်ထိမှန်ခဲ့တာကြောင့် မိသားစုဝင် ၄ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်၊ ကောင်းလုံကျေးရာအုပ်စု၊ နမ့်ဟာရွာမှာ ဩဂုတ်  ၂၉ ရက်မနက် ၉ နာရီကျော်လောက်က နေအိမ်တစ်အိမ်ပေါ် လက်နက်ကြီး ကျရောက်ခဲ့လို့ မိသားစုဝင် ၄ ဦး ထိမှန်သေဆုံးခဲ့ကြောင်း ရွာခံတွေဆီက သိရပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဦးအိုက်အူး (အသက် ၃၂ နှစ်)၊ ​မောင်​အောင်ခိုင် (အသက် ၁၀ နှစ်)၊ ​ဒေါ်အီ​မောန်း (အသက် ၆၃ နှစ်)၊ ​ဒေါ်အီမိုး (အသက် ၈၂ နှစ်)တို့ ကျည်ထိမှန်​​သေဆုံးခဲ့ပြီး နေအိမ်​တွေလည်း  မီး​လောင်​ခဲ့တယ်လို့ မျက်မြင် မုံးကိုးမြို့ခံတစ်ဦးက ပြောပါတယ်။

"ဒီမနက်တော့ စစ်ကောင်စီက လက်နက်ကြီးကို နေရာအစုံကနေ ပစ်ပေးနေတယ်။ ဒီ မန်ဂျပ်တောင်ကုန်းကနေလည်းပစ်၊ ဖောင်းဆိုင်ကနေလည်းပစ်၊ ကိုးကန့်ဘက်ကနေလည်း ပစ်၊ လက်နက်ကြီးတွေ ရမ်းသမ်းပစ်နေတာ ခုထိပစ်နေတုန်းပဲ။"

နမ့်ဟာရွာက မုံးကိုးမြို့ကနေ ၅ မိုင်လောက်သွားရပြီး တအာင်း (ပလောင်) ရွာဖြစ်ပြီး သေဆုံးသွားတဲ့ မိသားစုဝင် ၄ ဦးကလည်း တအာင်း (ပလောင်)လူမျိုး ဖြစ်ပါတယ်။

အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတစ်ဦးက “မနက်ပိုင်း တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် အလောင်းတွေကို မြင်ခဲ့ပေမယ့် မကောက်ခဲ့ရဘဲ ညနေ အခြေအနေငြိမ်မှ သွားသင်္ဂြိုဟ်ခဲ့ရတယ်။ အိမ်တွေလည်း မီးလောင်တာတွေ ရှိတယ်။ ရွာထဲလိုက်တော့ မကြည့်ရသေးတော့ ဘယ်လောက်ပျက်စီးတယ်။ ဘာတွေ ဖြစ်သွားသေးတာကိုတော့ အတိအကျ မသိရသေးဘူး”လို့ ပြောပါတယ်။

နမ့်ဟာရွာမှာ အိမ်ခြေ ၁၀၃ အိမ်၊ လူဦးရေ ၅၅၈ ဦး၊ ကောင်းလုံရွာမှာ အိမ်ခြေ ၂၇ အိမ်၊ လူဦးရေ ၆၀ ကျော် ရှိတယ်လို့ သူက ပြောပါတယ်။

ဩဂုတ်လ ၂၈၊ ၂၉ ရက်တို့မှာ စစ်ကောင်စီနဲ့ MNDAA တို့တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် လက်ရှိမှာတော့ နမ်ဟာရွာက အိမ်ခြေ ၅၀ဝ ‌ကျော်၊ ကောင်းလုံရွာက အိမ်ခြေ ၂၀ ကျော် မုံးကိုးမြို့မှာ တိမ်းရှောင်နေရပါတယ်။

ဇူလိုင်လဆန်းကတည်းက စစ်ကောင်စီနဲ့ MNDAA တို့အကြား တိုက်ပွဲပြင်းထန်ပြီး ဖောင်းဆိုင်၊ မန့်ယန်၊ ဘန်မွေဘက်က ဒေသခံ ၁၉၀ ကျော်လည်း လက်ရှိထိ တရုတ်-မြန်မာနယ်စပ်ဘက် တိုက်ပွဲရှောင်နေရပါတယ်။

ဓာတ်ပုံ - ဒေသခံ

3 months Ago
Up