မုံရွာမြို့နယ်

October 31, 2022

မုံရွာမြို့နယ်တွင် လယ်ထွန်နေသည့် လယ်သမား ၁ ဦးကို ပျူစောထီးအဖွဲ့က ပစ်သတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာက လယ်သမား  တယောက်ကို  အောက်တိုဘာ ၃၀ ရက် ညနေ ၃ နာရီခွဲလောက်က  ပျူစောထီးအဖွဲ့က သေနတ်နဲ့ ပစ်သတ်သွားတယ်လို့  ရွာခံ တဦးက ပြောပါတယ်။

တောပုကျေးရွာအနောက်ပိုင်းနေ ကိုဘိုရှိုင်း (ခ) ကိုကျော်ဇင်ထွန်းကို လယ်ကွင်းအတွင်း ထွန်စက် မောင်းနေတုန်း ပစ်သတ်လိုက်တာလို့ သိရပါတယ်။

ဒေသခံတဦးက “တောပုရွာမြောက်ပိုင်းက ပျူ သုံးယောက်က ကိုဘိုရှိုင်း လယ်ထဲ ထွန်စက်မောင်းနေတုန်း လာပစ်သတ်သွားတာ။ ဘာကြောင့်လဲတော့ မသိဘူး။ ကိုဘိုရှိုင်းက ရွှေဘိုဇာတိ၊ တောပုကျေးရွာသူနဲ့ အိမ်ထောင်ကျပြီး တောပုမှာပဲနေတာပါ”လို့ ပြောပါတယ်။

သေဆုံးသူဟာ သေနတ်နဲ့ ဦးခေါင်းကို တေ့ပစ်ခံရတာဖြစ်ပြီး ဦးခေါင်း ဘယ်ဘက်ကနေ ညာဘက်အထိ ကျည်ဖောက်ဒဏ်ရာနဲ့ နေရာမှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့နယ်ရှိ ပြည်သူ့စစ်အမည်ခံပျူစောထီးအဖွဲ့တွေကို စစ်ကောင်စီတပ်ဖွဲ့က အခြေခံ စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားကာ မြို့နယ်အတွင်း ကင်းပုန်းလုပ်တာနဲ့ စစ်ကြောင်းသွားရာနေရာမှာ ဒေသခံလမ်းပြတွေအဖြစ်   ပူးတွဲလိုက်ပါလေ့ရှိပါတယ်။

3 months Ago

October 5, 2022

မုံရွာမြို့နယ် လယ်ဇင်ကျေးရွာအဝင်လမ်းကို စစ်တပ်က ဘူဒိုဇာဖြင့် ထိုးဖျက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ လယ်ဇင်ကျေးရွာထိပ်က ရွာအဝင်လမ်းကို အောက်တိုဘာ ၅ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့က ဘူဒိုဇာနဲ့ထိုးပြီး ဖျက်ဆီးသွားပါတယ်။

အင်အား ၃၀ ကျော်ပါ စစ်ကောင်စီတပ်ဖွဲ့ဟာ မနက်ပိုင်းက လယ်ဇင်ကျေးရွာကို ဘူဒိုဇာကား ၁ စီး၊ စစ်ကား ၂ စီးနဲ့ ရောက်ရှိလာပြီး ကျေးရွာဆိုင်းဘုတ်အနီးက ရွာဝင်လမ်းမကို ဖျက်ဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “မနက်က သံပြားကာ စစ်ကား ၂ စင်းနဲ့ ဘူဒိုဇာ ၁ စင်း ရောက်လာပြီး လမ်းကို ထိုးဖျက်သွားတာ။ ရွာကို အငြိုးကြီးကြီးနဲ့ သက်သက်ဒုက္ခပေးတာဗျ။ တော်တော်ယုတ်မာပြီး အောက်တန်းကျတယ်။ သူတို့အနေနဲ့ကတော့ PDF တွေ အသွားအလာ လမ်းကြောင်းဖြတ်တဲ့ ပုံစံမျိုးပေါ့။ လမ်းလာဖျက်တဲ့အထဲမှာ ရဲရော၊ စစ်သားရော ပါတယ်။ လယ်ဇင်နားက ရွာထောင်ရွာ နေလဝန်း ဘုန်းကြီးကျောင်းထဲမှာလည်း အင်အားနဲ့ စောင့်နေကြတာတွေ ရှိတယ်။ တကယ်တမ်း အကြမ်းဖက် အဖျက်သမားတွေဆိုတာ သူတို့ကမှ အစစ်ပဲ” လို့ ပြောပါတယ်။

ကျေးရွာလမ်းကို ဘူဒိုဇာနဲ့ အကျယ် ၁၀ ပေလောက် ထိုးဖျက်သွားတယ်လို့ သိရပြီး လယ်ဇင်ကျေးရွာအနီး ပတ်ဝန်းကျင်မှာလည်း စစ်ကြောင်းဖြန့်ကျက်ချထားတာတွေ ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ လယ်ဇင်ကျေးရွာကို မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်လေ့ရှိပြီး နေအိမ်ဖျက်ဆီးတာတွေနဲ့ ဒေသခံ ကျေးရွာသားတွေကို အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်တာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၄ ရက်ကလည်း မုံရွာမြို့နယ်အတွင်းရှိ မုံရွာ-အမြင့်လမ်းပိုင်းကို စစ်ကောင်စီတပ်ဖွဲ့က ဘူဒိုဇာနဲ့ ထိုးဖျက်သွားတယ်လို့ သိရပါတယ်။

4 months Ago
More News
Up