မုံရွာဆေးရုံ

A d v e r t i s e m e n t With Us

June 25, 2020

မုံရွာဆေးရုံကြီးတွင် တရုတ်နိုင်ငံကပြန်လာသည့် စောင့်ကြည့် လူနာ ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ရွာမွန်ရွာကနေ မုံရွာကုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီးမှာ လာရောက်ဆေးကုသမှုခံယူနေတဲ့  အသက် ၂၀ အရွယ် လူငယ်အမျိုးသား တစ်ဦး  ဇွန်လ ၂၅ ရက် ညနေ ၃ နာရီဝန်းကျင်အချိန်က သေဆုံးသွားပါတယ်။ သေဆုံးသူက ပြီးခဲ့တဲ့ လပိုင်းက တရုတ်နိုင်ငံက ပြန်လာသူဖြစ်ပြီး ဘုတလင်မြို့မှာ Facility Quarantine ၂၁ ရက် ဝင်ရောက်ခဲ့ပြီး Home Quarantine  သီတင်း တစ်ပတ်ဝင်ရောက်နေစဉ် ဖျားနာတာကြောင့် ဇွန်လ ၂၄ ရက်နေ့က မုံရွာဆေးရုံကြီးကို လာရောက်ပြီး ဆေးရုံတက် ဆေးကုသမှုခံယူခဲ့တာပါ။  Facility Quarantine ဝင်ရောက်စဉ်က နှာခေါင်းအာခေါင်တို့ဖတ်  ဓာတ်ခွဲနမူနာ ရယူကာ စစ်ဆေးရာမှာတော့ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရဘူးလို့ သိရပါတယ်။ လက်ရှိသေဆုံးတာက အဆုပ်နဲ့ ဆက်စပ်တဲ့ ရောဂါကြောင့်သေဆုံးတာလို့ ကနဦးသိရပြီး SWAB ရယူကာ မန္တလေးဓာတ်ခွဲခန်းကို ထပ်မံပို့ဆောင်ထားတယ်လို့ သိရပါတယ်။ အဖြေကိုတော့ မနက်ဖြန်လောက်မှ သိရမယ်လို့လည်း မုံရွာဆေးရုံမှ ဆရာဝန်တစ်ဦးက ပြောပါတယ်။ သေဆုံးသူအလောင်းကိုတော့ မုံရွာမြို့ ဆားကျင်းသုဿန်မှာ မီးသင်္ဂြိုလ်ထားပြီးဖြစ်ပါတယ်။ နာရေးကိစ္စ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဒေဝဂတိ လူမှုကူညီရေးအသင်းဝင် စေတနာ့ဝန်ထမ်း ၄ ဦးကလည်း Facility Quarantine ဝင်ဖို့ ပြင်ဆင်နေပါတယ်။ သင်္ချိုင်းကိုပို့ဆောင်ပေးခဲ့တဲ့ နာရေးကားတွေကိုလည်း မီးသတ်နဲ့ တခြား လူမှုရေးအဖွဲ‌့တွေက ပိုးသတ်ဆေးဖျန်းတာတွေ ပြုလုပ်ထားပါတယ်။
7 months Ago

February 1, 2020

တရုတ်နိုင်ငံသား တဦးအား မုံရွာဆေးရုံတွင် စစ်ဆေး၊ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်

မုံရွာမြို့ကို ဇန်နဝါရီ ၃၁ ရက်နေ့က တရုတ်နိုင်ငံသားတဦး ရောက်ရှိလာတဲ့အပေါ်  ဒေသခံတွေ စိုးရိမ်နေကြတဲ့အတွက် မုံရွာ ပြည်သူဆေးရုံကြီးကို ခေါ်ဆောင်စစ်ဆေးခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာ မတွေ့ရှိ‌ရပေမယ့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်လိုက်တယ်လို့ မုံရွာဆေးရုံအုပ်ကြီးက ပြောပါတယ်။ “ကျမတို့ စစ်ဆေးကြည့်တော့ ရောဂါလက္ခဏာ မတွေ့ရဘူး။ ကြည့်ရတာ လေယာဉ်ကွင်းကနေ စစ်ဆေးပြီးမှ ဖြတ်သန်းရောက်ရှိလာတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူ့ကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ်လိုက်တယ်။ သူတို့ကုမ္ပဏီက သီးသန့်အဆောက်အဦမှာ တဦးတည်း ထားရှိပေးဖို့ ပြောလိုက်တယ်။ ၁၄ ရက် အပြင်မထွက်ခိုင်းဘူးပေါ့” လို့ ‌မုံရွာဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်မာမာအေးက ပြောပါတယ်။ အဲဒီတရုတ်နိုင်ငံသားဟာ တရုတ်နိုင်ငံ ကူမင်းမြို့ကနေ လိုက်ပါလာတဲ့ ဆီနိုဟိုက်ဒိုကုမ္ပဏီက Mr.Eunguo ဆိုသူ ဖြစ်ပြီး မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်ကတဆင့် ဝင်ရောက်လာတာလို့ သိရပါတယ်။ ဆီနိုဟိုက်ဒိုကုမ္ပဏီဟာ လက်ပံတောင်း‌တောင် ကြေးနီစီမံကိန်းမှာ ဝမ်ပေါင်ကုမ္ပဏီရဲ့ လက်ခွဲကုမ္ပဏီတခုလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့ကလည်း အဆိုပါကုမ္ပဏီက တရုတ်နိုင်ငံသား ဝန်ထမ်း ၂၅ ဦး မိသားစုတွေနဲ့အတူ ရောက်ရှိလာတာကြောင့် စစ်ကိုင်းတိုင်းအစိုးရက သွားရောက်စစ်ဆေးခဲ့ရပြီး စောင့်ကြည့်လူနာတွေအဖြစ် သတ်မှတ်ထားပါတယ်။ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် ဖြစ်ပွားတဲ့ အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကို အဖွဲ့ဝင် ၂၇ ဦးနဲ့ သမ္မတဦးဝင်းမြင့်က ဖွဲ့စည်းတာဝန်ပေးထားပါတယ်။ ဇန်နဝါရီလ ၃၁ ရက်နေ့မှာလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အဆိုပါ ဗိုင်းရပ်စ်နဲ့ပတ်သက်လို့ စိုးရိမ်စရာ အရေးပေါ် အခြေအနေ ထုတ်ပြန်ထားပါတယ်။ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီနေ့မနက်ပိုင်းအထိ သေဆုံးသူဦးရေ စုစုပေါင်း ၂၅၉ ဦးနဲ့  ကူးစက်ခံရသူ ၁၁၇၉၁ ယောက် ရှိပြီလို့ သိရပါတယ်။ ရန်နိုင်စိုး
12 months Ago
Up