မုံရွာကုန်စည်ဒိုင်

A d v e r t i s e m e n t With Us

December 30, 2020

သုံးလကျော်ကြာပိတ်ထားခဲ့သည့် မုံရွာကုန်စည်ဒိုင် ပြန်လည်ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်ကို ဒီဇင်ဘာ ၃၀ ရက်နေ့က ကိုဗစ်စည်းကမ်းတွေနဲ့အညီ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။  လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ကုန်စည်ဒိုင်ပိတ်ထားခဲ့ရပြီး အွန်လိုင်းစနစ်နဲ့ ရောင်းချနေရာမှာ အဆင်မပြေဖြစ်လာသလို အရောင်းအဝယ်ကလည်း ထက်ဝက်လောက် ကျဆင်းသွားလို့ အစည်းဝေးဆုံးဖြတ်ချက်နဲ့ ပြန်လည်ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။ မုံရွာကုန်စည်ဒိုင် အတွင်းရေးမှူး ဦးဇော်မိုးက  “တောင်သူတွေဈေးနှုန်းမှန်ကန်စွာရရှိရေးကို ဦးစားပေးစဉ်းစားပြီးတော့ ဖွင့်ဖို့ရာ ဆုံးဖြတ်ခဲ့ ကြတာပါ။ ဘာ့ကြောင့်လဲဆိုတော့ သီးနှံကလည်း ကျနော်တို့ တစ်လပိုင်း၊ နှစ်လပိုင်းက ပွင့်လင်းရာသီဖြစ်လာတဲ့အတွက် သီးနှံတွေအားလုံးကလည်း ထွက်လာမှာဖြစ်ပါတယ်။ အွန်လိုင်းနဲ့ အရောင်းအဝယ်လုပ်ရာမှာ အထိုက်အလျောက် လွဲချော်မှုလေးတွေ ရှိနိုင်တာပေါ့။ အိတ်နည်းနည်း ရောင်းရသူတွေမှာ ဝယ်သူအနေနဲ့ အခက်အခဲမရှိပေမယ့် ရောင်းသူကကျတော့ အိမ်တိုင်ရာရောက် သွားပြရတဲ့အခါမှာ တစ်မြို့လုံး ပတ်ပြနေရတော့ အဆင်မပြေမှုလေးတွေ ရှိတယ်ဆိုတာ အသင်းသားတွေရဲ့ တင်ပြချက်အရ သိလာရတဲ့အတွက် ပြန်ဖွင့်ဖို့ရာ စီစဉ်တာဖြစ်ပါတယ်။”လို့ ပြောပါတယ်။ မုံရွာကုန်စည်ဒိုင်ကို ကိုဗစ်ကာလအတွင်း ပိတ်ထားရတာ ၂ ကြိမ်ရှိပြီဖြစ်ပါတယ်။ ပထမ အကြိမ်ပိတ်ထားခဲ့စဉ်က ၅ လဝန်းကျင်ကြာမြင့်ခဲ့ပါတယ်။ ဒုတိယအကြိမ်မှာတော့ ၃ လဝန်းကျင်ကြာခဲ့တာပါ။ လက်ရှိပြန်ဖွင့်ရာမှာတော့ ကိုဗစ်စည်းကမ်းနဲ့အညီ ပြန်လည်ဖွင့်လှစ်တာဖြစ်ပြီး ကုန်စည်ဒိုင်ကို လာရောက်ကြတဲ့ အသင်းသားတိုင်း Mask ကို မဖြစ်မနေ တပ်ဆင်ကြရမှာဖြစ်ကာ မတပ်ရင် ကုန်စည်ဒိုင်ဝင်ရောက်ခွင့်တွေကိုလည်း ကန့်သတ်သွားမယ်လို့ သိရပါတယ်။ ပထမအကြိမ် Mask မတပ်တာကို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကနေ စစ်ဆေးတွေ့ရှိရင် ဒိုင်ဝင်ရောက်ခွင့် ၃ ရက်၊ ဒုတိယအကြိမ်မှာ ၅ ရက်၊ တတိယအကြိမ်မှာ ၁၅ ရက်နဲ့ စတုတ္ထအကြိမ်ကိုတော့ အလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ လတ်တလောမှာ မုံရွာမြို့ရဲ့ သီးနှံဈေးကွက်အတွင်း တရုတ်ကို အဓိကတင်ပို့နေတဲ့ ပဲတီစိမ်းက အရောင်းအဝယ်အကောင်းဆုံးဖြစ်နေပြီး ပဲစင်းငုံကတော့ အိန္ဒိယက အဝယ်ပိတ်တဲ့အတွက် ဈေးကျနေတယ်လို့ သိရပါတယ်။ ကုန်စည်ဒိုင်ပြန်ဖွင့်တဲ့အတွက် အရောင်းအဝယ်တွေ ပြန်ပြီးတိုးတက်ကောင်းမွန်လာမှာ ဖြစ်သလို ဈေးကွက်အရလည်း နစ်နာဆုံးရှုံးမှုတွေ လျော့နည်းလာမယ်လို့ မျှော်လင့်ထားကြပါတယ်။ လတ်တလောမှာ မုံရွာမြို့ရဲ့ ကိုဗစ်-၁၉ ရောဂါ စက်မှုက မြင့်မားနေပြီး နေ့စဉ်ရက်ဆက် ပိုးတွေ့လူနာ၊ အနံ့ပျောက်လူနာတွေ တွေ့ရှိနေသလို လူပေါင်း ၁၀၀ ကျော်ထိ ကူးစက်ခံထားရကာ ၂ ယောက်သေဆုံးထားပါတယ်။
2 months Ago

May 30, 2020

၁ လကျော်ကြာ ရပ်နားထားရသည့် မုံရွာကုန်စည်ဒိုင်ကို ဇွန်လဆန်း ပြန်ဖွင့်ရန် စီစဉ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ၁ လကျော်ကြာ ရပ်နားထားတဲ့ ကုန်သည်၊ ပွဲစား၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မုံရွာကုန်စည်ဒိုင်) ကို လာမယ့် ဇွန်လဆန်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေပါတယ်။  လက်ရှိမှာ တိုင်းကိုဗစ်ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီကတဆင့် သက်ဆိုင်ရာ ဌာနတွေရဲ့ စစ်ဆေးမှုကို ခံယူပြီး သူတို့ရဲ့ခွင့်ပြုချက်နဲ့ ဖွင့်လှစ်နိုင်အောင် လုပ်ဆောင်နေတယ်လို့ မုံရွာကုန်စည်ဒိုင် အတွင်းရေးမှူး ဦးဇော်မိုးက ပြောပါတယ်။ “မနေ့ကတော့ သက်ဆိုင်ရာရဲ့ စစ်ဆေးမိန့်ခံပြီးပြီ။ တို့ပြင်ဆင်ထားတာကို ကြည့်ပြီး A အဆင့်နဲ့ အအောင်ပေးသွားတာပေါ့။ ခွင့်ပြုလက်မှတ်ကိုတော့ ဘယ်နေ့ရမယ်ဆိုတာတော့ မသိရဘူး။ လောလောဆယ်တော့ ရုံးပိတ်ရက်ဖြစ်နေတဲ့အတွက် တနင်္လာနေ့မှလည်း ရချင်ရမယ်။ ကိုယ်တို့ကတော့ ဇွန်လ ၂ ရက်နေ့ကို ဖွင့်နိုင်ဖို့ ပြင်ဆင်ထားတယ်ပေါ့။ ဒါကလည်း လက်မှတ်ရတဲ့အပေါ် မူတည်မှာပါ။”  မုံရွာကုန်စည်ဒိုင်က ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားတာ ၁ လကျော်သွားပြီဖြစ်ပြီး ပိတ်ထားတဲ့ ကာလအတွင်းမှာ အွန်လိုင်းကတဆင့် ရောင်းဝယ်နေကြတာပါ။ ကုန်စည်ဒိုင်ပိတ်ထားရတဲ့အတွက် အရောင်းအဝယ်ပြုလုပ်ရာမှာ အခက်အခဲရှိတယ်လို့ တိုးတက်ဝေ သီးနှံပွဲရုံပိုင်ရှင် ဦးတင်ကိုကိုက ပြောပါတယ်။ “အွန်လိုင်းကနေကတော့ ဓာတ်ပုံပြပြီး ကြိုက်တယ်ဆို လူကိုယ်တိုင် အရောက်သွားပြရတာပေါ့။ ဒိုင်ဖွင့်ရင်တော့ ဒိုင်မှာ ဝယ်ချင်တဲ့သူကလည်း ကြည့်စရာအများကြီး၊ ရောင်းချင်တဲ့သူကလည်း ဝယ်လက်အများကြီးကို တခါတည်း တွေ့ရတာပေါ့။ အွန်လိုင်းကနေ ရောင်းတာနဲ့ ဒိုင်မှာရောင်းရတာတော့ အများကြီး ကွာခြားချက် ရှိပါတယ်။ ပစ္စည်း ၅ မျိုးဆို ၅ ဦး သွားပြရတာဆိုတော့ နည်းနည်းတော့ အခက်အခဲဖြစ်တာပေါ့။ ဝယ်တဲ့သူက လာမကြည့်ဘူး။ ရောင်းတဲ့သူက သွားပြရတာ။ အိတ်များရင်တော့ လာကြည့်တာတော့ ရှိတယ်။ အများသောအားဖြင့်တော့ သွားပြရတာပေါ့။” လက်ရှိမှာတော့ သီးနှံစျေးကွက်အနေနဲ့ ပဲတီစိမ်း၊ မြေပဲ၊ ကုလားပဲ၊ နှမ်း၊ မတ်ပဲ၊ ပဲစင်းငုံ အရောင်းအဝယ်ဖြစ်နေပေမယ့် မနှစ်ကလောက်တော့ သီးနှံစျေးမရှိသေးဘူးလို့ ဆိုပါတယ်။  မုံရွာကုန်စည်ဒိုင်ကိုတော့ ဖွင့်မယ်ဆိုရင် လူခွဲပြီး လူဦးရေကန့်သတ်တာမျိုး မလုပ်ဘူးလို့ သိရပါတယ်။  ကုန်စည်ဒိုင်ကိုလာရင် Mask တပ်ရမယ်၊ လက်ဆေးရမယ်။ ဒိုင်အတွင်း ကွမ်းမစားရ၊ ဆေးလိပ်မသောက်ရတွေကို ကန့်သတ်ထားသလို ခုံတွေကိုလည်း ၅ ပေလောက်စီခြားကာ လူ ၁၂၀ စာပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။  မုံရွာကုန်စည်ဒိုင်က အသင်းသား ၅၄၀ ပဲရှိပြီး ကိုယ်စားလှယ်နဲ့ပေါင်းမှ ၇၀၀ လောက်ပဲရှိကာ လက်ရှိ ပုံမှန်အရောင်းအဝယ်ဖြစ်နေတာက လူ ၁၅၀၊ ၂၀၀ လောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။  လက်ရှိမှာ ပခုက္ကူ၊ မန္တလေး စတဲ့ ကုန်စည်ဒိုင်တွေကလည်း ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်ပါတယ်။ မန္တလေး၊ ရန်ကုန် စတဲ့ ကုန်စည်ဒိုင်တွေကတော့ လူဦးရေများတဲ့အတွက် လူခွဲပြီး ကန့်သတ်တာမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။
9 months Ago
Up