မိုးကြိုးဆာလ်ဖျူရစ်အက်စစ်

August 16, 2017

မိုးကြိုးဆာလ်ဖျူရစ်အက်စစ် စက်ရုံရွှေ့ပြောင်းပေးရန်မရှိဟု ကာကွယ်ရေးဒု-ဝန်ကြီးပြော

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ   မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ရဲ့ မိုးကြိုး ဆာဖျူရစ်အက်စစ် စက်ရုံကြောင့် ကျန်းမာရေးထိခိုက် ယိုယွင်းတာ မတွေ့ရှိရတဲ့ အကြောင်းနဲ့ စက်ရုံကို ရွှေ့ပြောင်းပေးဖို့ အစီအစဉ်မရှိဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စု ဒု-ဝန်ကြီးကပြောပါတယ်။ ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဆားလင်းကြီး အမတ်ဦးဝင်းသိန်းဇော်က မိုးကြိုး ဆာဖျူရစ်အက်စစ် စက်ရုံလည်ပတ်တာကြောင့် လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင် တို့ကို ဆိုးရွားစွာ အန္တရာယ်ဖြစ်စေတဲ့အတွက် စက်ရုံကို လွတ်ကင်းရာနေရာသို့ ပြောင်းရွှေ့ပေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့တာဖြစ်ပါတယ်။ ဒီမေးခွန်းနဲ့ စပ်လျဉ်းပြီး ကာကွယ်ရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုဆန်းစစ်ချက် အစီရင်ခံစာအရ ဓာတ်ငွေ့ကြောင့်  ကျန်းမာရေးထိခိုက် ယိုယွင်းခြင်းတာ မတွေ့ရှိရပါကြောင်း၊ စက်ရုံဝန်ထမ်း (၉၀) ရာခိုင်နှုန်းဟာ အနီးပတ်ဝန်းကျင်ကျေးရွာတွေက ရွာသူ/ရွာသားများ ဖြစ်ကြောင်းနဲ့ စက်ရုံ အသားတင် အမြတ်ငွေမှ (၂)ရာခိုင်နှုန်းကို CSR ရန်ပုံငွေအဖြစ် သတ်မှတ်ထားကြောင်းပြောပါတယ်။ မိုးကြိုးဆာလ်ဖျူရစ်အက်စစ် စက်ရုံဟာ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ အညီ လည်ပတ် ထုတ်လုပ်နေသလို နိုင်ငံတကာ အသိအမှတ်ပြု ISO လက်မှတ်(၃)စောင် ရရှိထားပြီး လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုလမ်းညွှန်ချက်နဲ့ အညီ လိုက်နာဆောင်ရွက်နေတဲ့ စက်ရုံဖြစ်တယ်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံတော်အတွက် အကျိုးပြုတဲ့ စက်ရုံဖြစ်လို့ ရွှေ့ပြောင်းပေးဖို့ အစီအစဉ် မရှိဘူးလို့ ကာကွယ်ရေး ဒုဝန်ကြီးက လွှတ်တော်မှာ ဖြေကြားသွားပါတယ်။ မိုးကြိုးစက်ရုံက ထုတ်လုပ်တဲ့ ဆာလ်ဖျူရစ်အက်စစ်တွေကို လက်ပံတောင်းတောင်၊ စပယ်တောင်နဲ့  ကြေးစင်တောင်တွေမှာ  ကြေးထုတ်လုပ်ရာမှာ အသုံးပြုတာဖြစ်ပြီး  လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ရရှိတဲ့ အကျိုးအမြတ် (၅၁) ရာခိုင်နှုန်းကို နိုင်ငံတော်က ရရှိတယ်လို့သိရပါတယ်။
4 years Ago
Up