မိုးသည်းထန်

July 10, 2019

စပိန်တွင် မိုးသည်းထန်ပြီး မြစ်ရေလျှံ၊ ရေစီးဖြင့်မျောသွားသည့် ကားထဲမှ အမျိုးသား သေဆုံး

စပိန်နိုင်ငံ မြောက်ပိုင်း နာဗာရာဒေသမှာ ဇူလိုင် ၈ ရက်နေ့ ညပိုင်းက မိုးသည်းသည်းမည်းမည်းရွာပြီး ရုတ်တရက် မြစ်ရေလျှံတက်ခဲ့တာကြောင့် ရေစီးနဲ့အတူ မျောပါသွားတဲ့ ကားတစီးထဲက အမျိုးသားတယောက် သေဆုံးခဲ့ပါတယ်။ စီဒါကိုမြစ်ဟာ နာရီပိုင်းအတွင်း ၄ ဒသမ ၃ လက်မထိ ရေမျက်နှာပြင် မြင့်တက်ခဲ့တာကြောင့် မြစ်ရေတွေဟာ အနားက လမ်းတွေပေါ်ကို လျှံတက်လာပြီး ရေစီးလမ်းကြောင်းမှာ ရှိသမျှ အရာအားလုံး မျောပါကုန်ပါတယ်။ နာဗာရာဒေသကို ရုတ်တရက် မုန်တိုင်းဝင်ရောက်ချိန်မှာ မိုးရေချိန်ဟာ ပုံမှန်ပမာဏထက် လေးဆပိုများပြီး ရွာသွန်းခဲ့ပါတယ်။ မိုးဆက်ရွာနေပြီး ပတ်ဝန်းကျင်မှာလည်း ဆိုးဆိုးရွားရွား ရေကြီးရေလျှံနေတာကြောင့် ဒေသခံတွေအနေနဲ့ နေအိမ်အပြင် မထွက်ကြဖို့ နာဗာရာဒေသ အာဏာပိုင်တွေက အင်္ဂါနေ့မှာ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ရုတ်တရက် ရေကြီးလာတာကြောင့် ဘာပစ္စည်းမှ သယ်ဖို့ အချိန်မရခဲ့ဘူးလို့ တာဖာယိုမြို့နဲ့ ပွယ်ယော်မြို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က ဥရောပတလွှား အပူလှိုင်းဖြတ်တာကြောင့် စပိန်နိုင်ငံမှာ လူနှစ်ယောက် သေဆုံးခဲ့ပါသေးတယ်။
2 years Ago

June 14, 2019

တရုတ်တွင် မိုးသည်းထန်ပြီး ရေကြီး၊ ၆၁ ဦးထက်မနည်းသေဆုံး (ရုပ်သံ)

တရုတ်နိုင်ငံ တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ ဒီသီတင်းပတ်အတွင်း မိုးသည်းထန်ပြီး ရေကြီးတာကြောင့် လူ ၆၁ ယောက်ထက်မနည်း သေဆုံးပြီး သုံးသိန်းခွဲကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့တယ်လို့ ကယ်ဆယ်ရေး အာဏာပိုင်တွေက ဇွန်လ ၁၃ ရက်နေ့မှာ ပြောပါတယ်။ မိုးသည်းရေကြီးတာကြောင့် နေအိမ် ၉၃၀၀၊ စိုက်ပျိုးမြေ ဟက်တာ ၃ ဒသမ ၇ သန်းကျော် ပျက်စီးပြီး ခန့်မှန်း အမေရိကန်ဒေါ်လာ ၂ ဘီလျံနီးပါး ဆုံးရှုံးခဲ့တယ်လို့ အရေးပေါ် စီမံခန့်ခွဲမှု ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ရေကြီးရာဒေသတွေဖြစ်တဲ့ အရှေ့တောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်ကနေ အနောက်တောင်ပိုင်း ချုံကျင်းမြို့အထိ ဒေသတွေက လူပေါင်း ၄၃၀၀ ကျော်ကို ကယ်ဆယ်ခဲ့တယ်လို့လည်း ဝန်ကြီးဌာနက ဆိုပါတယ်။ နွေကာလအတွင်း တရုတ်နိုင်ငံ မြောက်ဘက်စွန်းမှာ မိုးခေါင်တဲ့ဒဏ်ကို ပုံမှန်ကြုံတွေ့ရပြီး တောင်ပိုင်းမှာတော့ ရေကြီးတဲ့ဒဏ်ကို ခံစားရတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago
More News
Up