မိုးသက်လေပြင်း

June 24, 2019

အိန္ဒိယတွင် မိုးသက်လေပြင်းကြောင့် မိုးကာတဲကြီးတခုပြိုကျ၊ ၁၄ ဦးသေဆုံး

အိန္ဒိယနိုင်ငံ အနောက်ဘက် ရာဂျာစသန်ပြည်နယ် ဘာမားခရိုင်မှာ ဇွန် ၂၃ ရက်က မိုးကာတဲကြီးတခု ပြိုကျခဲ့တာကြောင့် လူ ၁၄ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၅၀ လောက် ဒဏ်ရာရခဲ့တယ်လို့ အကြီးတန်း အစိုးရအရာရှိတယောက်က ပြောပါတယ်။ တဲထဲမှာ ဘာသာရေးအခမ်းအနား တခုအတွက် ဒေသခံတွေ စုဝေးနေကြချိန် မိုးသက်လေပြင်းကျပြီး မိုးကြိုးမုန်တိုင်း တိုက်ခတ်ခဲ့တာကြောင့် တဲပြိုကျခဲ့တာလို့ အဲဒီအရာရှိက ပြောပါတယ်။ တချို့က တဲပြိုကျချိန်မှာ လျှပ်စစ်ဓာတ်ကြိုးတွေနဲ့ ထိမိတာကြောင့် ဓာတ်လိုက်သေဆုံးခဲ့ပြီး တချို့ကတော့ ပြိုကျလာတဲ့ အပျက်အစီးတွေနဲ့ ထိခိုက်မိကာ သေဆုံးခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်ခဲ့ပြီး ဖြစ်စဉ်အသေးစိတ်ကို အာဏာပိုင်တွေက ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။
3 years Ago

March 19, 2019

မြိတ်မြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ် လူနေအိမ်များပျက်စီး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်မှာ မိုးသက်လေပြင်း တိုက်ခတ်တာကြောင့် လူနေအိမ်အလုံး ၆၀ လောက်နဲ့ မွေးမြူရေးခြံတခြံ ပျက်စီးသွားပြီး နွား ၃ ကောင် သေဆုံးသွားပါတယ်။ မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာမှာ မတ်လ ၁၈ ရက် ညနေ ၅ နာရီခွဲလောက်က မိုးသက်လေပြင်း တိုက်ခတ်တာကြောင့် လူနေအိမ်တွေနဲ့ စာသင်ကျောင်းတွေ ထိခိုက် ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။ တုံးဗျောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်သူက "ညနေ ၅ နာရီခွဲမှာ မိုးသက်လေပြင်းတိုက်တော့ လူနေအိမ် လုံးဝပျက်စီးသွားတာ ၃၆ လုံး၊ အိမ်ခေါင်ပျက်စီး သွားတာက ၂၃ လုံး၊ အလျား ၂၄ ပေ၊ အနံ ၂၀ ပေရှိတဲ့ စာသင်ကျောင်းက ခေါင်မိုးလန်သွားတယ်။ ကြက်ခြံတခြံ ပြိုကျသွားတယ်။ လူတွေကတော့ ထိခိုက်ဒဏ်ရာမရဘူး” လို့ ပြောပါတယ်။ လေဘေးဒုက္ခသည်တွေကတော့ နီးစပ်ရာ ဆွေမျိုးတွေရဲ့ နေအိမ်မှာ ယာယီ သွားရောက် တည်းခိုနေကြရပါတယ်။ သတင်း၊ ဓာတ်ပုံ - မြတ်ထွဋ် (မြိတ်)
3 years Ago
Up