မိုးမုန်တိုင်း

June 26, 2017

တရုတ်အစိုးရက ယခုနှစ်အတွင်း ပထမဆုံး မိုးမုန်တိုင်းသတိပေးချက် ထုတ်ပြန်

တရုတ်အစိုးရဟာ ဒီနှစ်အတွင်း ပထမဆုံးအနေနဲ့ ဒုတိယအပြင်းထန်ဆုံး မိုးမုန်တိုင်း သတိပေးချက်ကို ဇွန်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒီသတိပေးချက်ဟာ အခုနှစ်အတွက် ပထမဆုံး လိမ္မော်ရောင်အဆင့် မိုးမုန်တိုင်း ဖြစ်ပါတယ်။ သတိပေးချက် ထုတ်ပြန်လိုက်တဲ့ နေရာတွေဟာ နိုင်ငံအရှေ့ဘက်ကနေ တောင်ဘက်တလျှောက်နဲ့ အနောက်တောင်ဘက်ထိ ဖြစ်ပြီး နောက်ထပ် ၃ ရက်ကြာ မိုးမုန်တိုင်းဒဏ် ခံရဖွယ်ရှိတယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ရာသီဥတု သတိပေးချက်တွေကို အရောင်လေးရောင်နဲ့ ခွဲခြားသတ်မှတ်ထားပါတယ်။ အနီရောင်က အပြင်းထန်ဆုံးဖြစ်ပြီး နောက်ကနေ လိမ္မော်ရောင်၊ အဝါရောင်နဲ့ အပြာရောင်တို့က အစဉ်လိုက် ပြင်းထန်မှုကို ဖော်ပြပါတယ်။ လိမ္မော်ရောင်အဆင့် မိုးမုန်တိုင်းကြောင့် ၃ နာရီအတွင်း မိုးရေချိန် ၅၀ မီလီမီတာ အထိ မိုးကြီးနိုင်ပါတယ်။ တရုတ်နိုင်ငံ အရှေ့ဘက်က ကျန်းရှီး၊ အန်းဟွေနဲ့ ကျဲ့ကျန်းပြည်နယ်တွေမှာ ဇွန်လ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကို ကြုံရနိုင်တယ်၊ တောင်ပိုင်းပြည်နယ်တွေမှာလည်း မိုးကြီးမှုနဲ့ ကြုံရနိုင်တယ်လို့ မိုးလေဝသဌာနက ကြေညာခဲ့ပါတယ်။ ဇွန်လ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ စုစုပေါင်းမိုးရေချိန် ၃၀၀ မီလီမီတာလောက်အထိ ရှိနိုင်ပြီး ရေကြီးမြေပြိုတာတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသဌာနက ကြေညာထားပါတယ်။ အန်းဟွေနဲ့ ကျဲ့ကျန်းပြည်နယ်တွေမှာ ပြီးခဲ့တဲ့အပတ်ကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေရာအနှံ့အပြား ရေကြီးရေလျှံခဲ့ပြီး ဒေသခံအာဏာပိုင်တွေက ကယ်ဆယ်ရေးတွေ လုပ်နေရတယ်လို့ သိရပါတယ်။
4 years Ago

May 22, 2017

တရုတ်မိုးလေဝသဌာနက မိုးမုန်တိုင်းအတွက် အပြာရောင်အဆင့် သတိပေးချက် ထုတ်ပြန်

တရုတ်အမျိုးသားမိုးလေဝသဌာနက မိုးမုန်တိုင်းအတွက် အပြာရောင်အဆင့် တပ်လှန့်သတိပေးချက်ကို ဒီနေ့မနက် ၆ နာရီမှာ ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံရဲ့ အစိတ်အပိုင်းတွေမှာ မေလ ၂၃ ရက်နေ့ထိ မိုးသည်းကြီးမည်းကြီး ဆက်လက်ရွာသွန်းမယ်လို့လည်း ဟောကိန်းထုတ်လိုက်ပါတယ်။ မိုးခေါင်မှုဒဏ်ကြောင့် တောမီးလောင်မယ့်ဘေးနဲ့ ရင်ဆိုင်နေရတဲ့ တရုတ်မြောက်ပိုင်းမှာ မိုးအလျှံပယ်ရွာမယ်လို့လည်း မျှော်လင့်ထားပါတယ်။ ဒီနေ့မနက်က မြို့တော် ဘေကျင်းမှာ မိုးသည်းခဲ့ပြီး ဒီနေ့နှောင်းပိုင်းမှာ ဘေကျင်းရဲ့ တခြားဒေသတွေဆီ မိုးပျံ့နှံ့ ရွာသွန်းမယ်လို့ မျှော်လင့်ထားပါတယ်။ ဒါကြောင့် လတ်တလောနေ့တွေအတွင်း အပူချိန် ၃၀ ဒီဂရီ ဆဲလ်စီးယပ်စ်အထက်မှာ ရှိနေရာက နေ့အချိန် အပူဆုံး အပူချိန်ဟာ ၂၁ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ သိသိသာသာ ထိုးကျသွားနိုင်တယ်လို့ ဘေကျင်း မိုးလေဝသဌာနက ဟောကိန်းထုတ်ထားပါတယ်။ ကားမောင်းသူတွေ ဘေးကင်းကင်းမောင်းနှင်ရေး ဘေကျင်း မိုးလေဝသနဲ့ သယ်ယူပို့ဆောင်ရေး အာဏာပိုင်တွေက သတိပေးထားပါတယ်။ တရုတ်နိုင်ငံမှာ မိုးလေဝသ သတိပေးစနစ်အတွက် အရောင်လေးမျိုး သတ်မှတ်ထားပြီး အဆိုးရွားဆုံးက အနီရောင်ပါ။ အဲဒီနောက် လိမ္မော်၊ အဝါနဲ့ အပြာရောင်တွေကို အစဉ်လိုက် သတ်မှတ်ထားပါတယ်။
4 years Ago
Up