မိုးပျံရေချိုးကန်

January 8, 2018

လူငယ်ညီနောင် တီထွင်သည့် ကမ္ဘာ့ပထမဆုံး အံ့ဖွယ် မိုးပျံရေချိုးကန် (ရုပ်သံ)

ဂျာမနီနိုင်ငံသား ညီအစ်ကို ၂ ဦးဟာ ဒရုန်းနည်းပညာ အသုံးပြုထားတဲ့ ကမ္ဘာ့ပထမဆုံး အံ့ဖွယ် မိုးပျံရေချိုးကန်ကို တီထွင်နိုင်ခဲ့ပြီလို့ မေရာသတင်းမှာ ဇန်နဝါရီ ၇ ရက်နေ့က ဖော်ပြပါတယ်။ ဂျိုဟန်နက်စ်နဲ့ ဖိလစ်ပ် မိုက်ကန်ဘက်ကာတို့ ညီနောင် ၂ ဦးက သူတို့ကိုယ်သူတို့ The Real Life Guys လို့ အမည်တပ် ဖော်ပြခဲ့ကြတာဖြစ်ပြီး ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဒီယာဉ်ကို အားကစားခန်းမထဲမှာ ပျံသန်းပြနိုင်တဲ့အထိ တီထွင်မှုအဆင့်ဆင့်ကို ဖော်ပြထားခဲ့တာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကို တီထွင်ချိန်မှာ ပန်ကာဒလက်တွေ တည်ငြိမ်စေဖို့ အချိန် ၂ လကြာအောင် ကြိုးစားခဲ့ကြရတာဖြစ်ပြီး မြင်းကောင်ရေ ၁၂၀ အားနဲ့ မောင်းနှင်တဲ့ လူတဦးလိုက်ပါနိုင်စေဖို့အထိ တိုးတက်တီထွင်နိုင်ခဲ့တာပါ။ လက်ရှိမှာတော့ ဒီတီထွင်မှုအတွက် ဂျာမနီအစိုးရကပါ ရန်ပုံငွေထောက်ပံ့ ကူညီမှုတွေ လုပ်သွားနိုင်မယ့် အလားအလာကောင်းတွေ ရှိနေတာ ဖြစ်ပါတယ်။ ဒီတိုးတက်မှုအခြေအနေကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့က အင်တာနက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ချိန်မှာ အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေ ရရှိခဲ့တယ်လို့ သူတို့က ပြောပါတယ်။ ဖိလစ်ပ်က “ဒီရုပ်သံဗွီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး တုံ့ပြန်မှုတွေက တော်တော့်ကို ကောင်းပါတယ်။ ပရိသတ်အများစုက ကျနော်တို့ ဒါကို အောင်မြင်လိမ့်မယ်လို့ မယုံကြည်ခဲ့ဘူးလေ။ အရင်က ဒါကို စစ်တမ်းလေးတခု ကောက်လိုက်သေးတော့ တချို့ဆို ကျနော်တို့ အမြင့်ကပြုတ်ကျပြီး အရိုးတွေ ကျိုးကြေကုန်မယ်လို့ ထင်ထားတာ။ ဒါဟာ လူတွေ လိုက်ပါစီးနင်းနိုင်တဲ့ ပထမဆုံး မိုးပျံရေချိုးကန်ယာဉ်ဖြစ်လာခဲ့ပြီ။ တချို့ကတော့ နောက်ဆိုရင် ကုမ္ပဏီတခုတည်ထောင်ပြီး မိုးပျံ ဒရုန်းရေချိုးကန်ယာဉ်တွေကို ရောင်းချနိုင်တော့မှာလို့တောင် အားပေးခဲ့ကြတယ်” လို့ ပြောပါတယ်။
3 years Ago
Up