ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လေထုညစ်ညမ်းမှုကို ထိန်းချုပ်တဲ့အနေနဲ့ ထိုင်းလေတပ်က မိုးတိမ်စုဖွဲ့ပြီး မိုးတုရွာသွန်းဖို့ ကြိုးပမ်းနေပါတယ်။
ဇန်နဝါရီ ၁၅ ရက်နေ့က ထိုင်းနိုင်ငံ အရှေ့ပိုင်း ရာယောင်းပြည်နယ်မှာ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနက မိုးတိမ်စုဖွဲ့စေပြီး မိုးတုရွာသွန်းခဲ့ပါတယ်။
ထိုင်းလေတပ်က ဘန်ကောက်မြို့ပေါ်မှာ ရေလီတာ ၃,၀၀၀ ကျော်ကြဲချပြီး အန္တရာယ်များတဲ့ လေထုညစ်ညမ်းမှုကို ထိန်းချုပ်ခဲ့ပါတယ်။
“ကျနော်တို့ရဲ့ မစ်ရှင်က ကောင်းကင်ကနေ ရေစက်တွေကြဲချပြီး တော်ဝင်လေတပ်ဝန်းကျင် လူနေဧရိယာမှာရှိတဲ့ လေထုညစ်ညမ်းမှုကို ကြဲပါးသွားအောင်လုပ်ဖို့ ဖြစ်ပါတယ်။ ဒီမှာ နေထိုင်သူတွေကို စောင့်ရှောက်ဖို့ ဖြစ်ပါတယ်။ ဒီလို ရေစက်လေးတွေ ဖျန်းခြင်းအားဖြင့် ရေမှုန်ရေမွှားတွေ စုဝေးစေပြီး မိုးအဖြစ် ရွာသွန်းစေပါတယ်။ အဲဒီတော့ မြူတို့ လေထုညစ်ညမ်းတာတို့ကို ရှင်းလင်းပေးပါတယ်” လို့ ထိုင်းလေတပ် ပြည်သူ့ဆက်ဆံရေး အကြီးအကဲ နီရော့ဂျမ်ပါဒန်က ပြောပါတယ်။
ဘန်ကောက်မြို့ရှိ ခရိုင် ၅၀ အနက် ၃၀ ရဲ့ လေထုအရည်အသွေးဟာ PM 2.5 လို့ လူသိများတဲ့ အန္တရာယ်ရှိ အမှုန်ပါဝင်မှု ပမာဏထက် ကျော်လွန်နေတယ်လို့ ဘန်ကောက်မြို့တော်ဝန်က ဇန်နဝါရီ ၁၄ ရက်နေ့မှာ ပြောပါတယ်။
ဘန်ကောက်မြို့ လေထုညစ်ညမ်းမှုဟာ အရင်က စိုးရိမ်ဖွယ်အခြေအနေကို ရောက်ခဲ့ပေမယ့် ဒီလောက်ထိ ကြာကြာမဖြစ်ခဲ့ဖူးပါဘူး။
“လေထုအရည်အသွေးကို ကြည့်ရင်တော့ အပူပိုင်းနိုင်ငံဆိုတော့ အထူးသဖြင့် ဘန်ကောက်မြို့မှာ လေထုညစ်ညမ်းမှုက ရှိမှာပဲ။ ဒါပေမယ့် ဒီလောက်ထိဆိုးမယ်လို့ မထင်ခဲ့မိဘူး။ ကိုယ့်ကိုယ်ကိုယ် နှာခေါင်းစည်း စည်းပြီးတော့ ကာကွယ်ရမှာပဲ” လို့လည်း ဘန်ကောက်မြို့မှာ နေထိုင်သူ ဝပ်ဆန် ချွန်တီပေါ့က ပြောပါတယ်။
လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဌာနက လေထုညစ်ညမ်းမှုမှာ မော်တော်ကားထုတ်လွှတ် ဓာတ်ငွေ့တွေက ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းအထိ ပါဝင်ပြီး အမှိုက်သရိုက်နဲ့ သီးနှံမီးရှို့မှုက ၃၅ ရာခိုင်နှုန်းဝန်းကျင် ပါဝင်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
4 years Ago