မိုးဇလပြော

May 12, 2018

Roanu မုန်တိုင်း တိုက်ခတ်မည့်သတင်း ကောလာဟလဟု မိုးဇလပြော

  လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ Roanu မုန်တိုင်းတိုက်ခတ်မယ်ဆိုတာဟာ ကောလာဟလပဲ ဖြစ်ပြီး အဲဒီမုန်တိုင်းဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်ခဲ့တဲ့ မုန်တိုင်း ဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။ European Center for Medium-range Weather Forecast (ECMWF) ရဲ့ ၁၁ ရက်နေ့ ခန့်မှန်းချက်တွေအရ မေ ၁၂ ရက်နေ ၂၀ ရက်နေ့အထိ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ပေါ်မယ့် အခြေအနေမရှိဘူးလို့ ဆိုပါတယ်။ Global Forecast System (GFS) ရဲ့ ခန့်မှန်းချက်အရလည်း မေ ၁၂ ရက်ကနေ ၂၅ ရက်နေ့အထိ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်မယ့် အခြေအနေမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် မေ ၂၆ ရက်နေ့မှာတော့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ လေပွေလှိုင်းတခု ဖြစ်ပေါ်နိုင်ပြီး အဲဒီလေပွေလှိုင်း အားကောင်းလာရင်တော့ လေဖိအားနည်း ရပ်ဝန်းအဖြစ် ပြောင်းလဲလာနိုင်ပါတယ်။ ထူးခြားမိုးလေဝသဖြစ်စဉ်တွေ၊ မုန်တိုင်းအခြေအနေတွေနဲ့ ပတ်သက်ပြီး မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အချိန်နဲ့ တပြေးညီ တရားဝင်ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်တွေကိုပဲ စိတ်ချယုံကြည်ဖို့နဲ့ တိကျသေချာတဲ့ သတင်းအချက်အလက်တွေကို အသေးစိတ်ထပ်မံသိရှိ ရယူချင်ရင်တော့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ မိုးလေဝသဌာနခွဲ၊ နေပြည်တော် (ဖုန်းနံပါတ် - ၀၆၇-၄၁၁၂၅၀၊ ၀၆၇-၄၁၁၅၂၆၊ ၀၆၇-၄၁၁၅၂၇) တို့သို့ ဆက်သွယ်မေးမြန်းနိုင်တယ်လို့လည်း ဆိုပါတယ်။
4 years Ago

February 11, 2018

အအေးပိုကဲမှုနှင့်အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ လျော့ကျနိုင်ဟု မိုးဇလပြော

လာနီညာဖြစ်ပေါ်မှုတွေ နည်းနည်းလျော့သွားလို့ ဘင်္ဂလားပင်လယ်ပြင်မှာ မုန်တိုင်းတွေ ဖြစ်တာ၊ အအေးပိုတာနဲ့ အချိန်အခါမဟုတ် မိုးရွာတာတွေလည်း လျော့သွားနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလလယ်က ထုတ်ပြန်ချက်မှာ လာနီညာဖြစ်ပေါ်မှု ရာခိုင်နှုန်းဟာ ၉၇ ရှိပြီး အခုတော့ ၈၇ ရာခိုင်နှုန်းရှိနေတာပါ။ အီကွေတာအနီး၊ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)ရဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်နဲ့ လေထုဖြစ်စဉ်တွေဟာ လာနီညာ အခြေအနေမှာ ဆက်လက်တည်ရှိနေတယ်လို့ ဆိုပါတယ်။ လာနီညာဖြစ်ပေါ်မှုခန့်မှန်းချက် သင်္ချာပုံစံမော်ဒယ်တွေအရ ဇန်နဝါရီလက မတ်လအထိ လာနီညာ ဖြစ်ပေါ်မှု ရာခိုင်နှုန်းဟာ ၈၇ ရာခိုင်နှုန်းအထိရှိနေပြီး ဖေဖော်ဝါရီ၊ မတ်၊ ဧပြီမှာ ၆ဝ ရာခိုင်နှုန်း၊ မတ်၊ ဧပြီ၊ မေမှာ ၄၃ ရာခိုင်နှုန်းကို ပြန်လည်လျော့ကျလာနိုင်တယ်လို့ နိုင်ငံတကာ ပစိဖိတ် သမုဒ္ဒရာ ပင်လယ်ရေမျက်နှာပြင်အပူချိန် လေ့လာစောင့်ကြည့်ရေး ဗဟိုဌာနတွေက ထုတ်ပြန်ထားပါတယ်။ လာနီညာဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေမယ့် အကျိုးသက်ရောက်မှုကတော့ ယေဘုယျ အားဖြင့် ဆောင်းရာသီကာလ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတွေ ပိုဖြစ်နိုင်တာ၊ မြန်မာနိုင်ငံမှာ ညအပူချိန်လျော့နည်းပြီး အအေးပိုတာ၊ အရှေ့ဘက်က လေပွေလှိုင်းတွေ တိုက်ခတ်တာနဲ့ အချိန်အခါ မဟုတ် မိုးရွာသွန်းတာတွေ ပိုဖြစ်နိုင်တာပါ။
4 years Ago
Up