မိုဘိုင်းအိမ်

September 1, 2015

အမှီအခိုကင်း လွတ်လပ်သည့် ဥပုံစံ မိုဘိုင်းအိမ် (ရုပ်သံ)

ကာဗွန်ထုတ်လွှတ်မှုကိုလျှော့ချပြီး ကိုယ်နေလိုတဲ့နေရာမှာ နေလို့ရရင်ရော ဘယ်လိုလဲ။ Ecocapsule လို့ခေါ်တဲ့ ဥပုံစံ အိမ်လေးက ဒီပြဿ   နာရဲ့အဖြေဖြစ်လာနိုင်ပါတယ်။ ဒီအိမ်လေးရဲ့ ဒီဇိုင်းဟာ နေရာလွတ်အနည်းဆုံးပဲ လိုအပ်သလို သက်သောင့်သက်သာ အရှိဆုံးနဲ့ ၀င်ဆန့်နိုင်တဲ့ ပမာဏအများဆုံးပဲ ဖြစ်ပါတယ်။ အထူးခြားဆုံးကတော့ လုံးဝ သီးခြားရပ်တည်နိုင်တဲ့ စွမ်းရည်ပဲလို့ တွဲဘက်တီထွင်သူ တိုမာ့စ်ဇာဆက်က ဆိုပါတယ်။ "ဒီလူနေအိမ်ခန်းလေးရဲ့ အားသာချက်ကတော့ အမှီအခိုကင်းတဲ့ လွတ်လပ်မှုပါ။ ဒီအိမ်လေးနဲ့ ကိုယ်ကြိုက်တဲ့နေရာမှာ နေနိုင်တယ်။ နေထိုင်စရိတ် ပေးစရာ မလိုတော့ဘူး။ သဘာဝပတ်ဝန်းကျင်ထဲမှာ နေနိုင်တယ်။ ဒီအိမ်ခန်းလေးက ကိုယ်ပိုင်လျှပ်စစ်ထုတ်နိုင်တယ်။" သူ့မှာပါတဲ့ အပူကာစနစ်က နေထိုင်သူတွေကို ပြင်းထန်လွန်းတဲ့ သဘာဝပတ်ဝန်းကျင်ရဲ့ ဒဏ်ကနေ ကာကွယ်ပေးပါတယ်။ အမိုးပေါ်မှာ လေအားသုံး လျှပ်စစ်တာဘိုင်တွေ၊ ဆိုလာပြားတွေ ပါပါတယ်။ အရေးပေါ်ပြန်သုံးဖို့ စွမ်းအင်အပို သိုလှောင်ပေးနိုင်တဲ့ ဘက်ထရီအကြီးစား တလုံးလည်း ပါမယ်လို့ တွဲဘက်တီထွင်သူ မတ်တက်ဂ်ျပေါ့စပီဆစ်လ်က ဆိုပါတယ်။ "ကျနော်တို့က ၁၂ စင်တီမီတာခွဲပတ်လည် ဆိုလာပြားတွေ သုံးထားပါတယ်။ တပြားကို ဗို့ဝက် ထုတ်ပေးတယ်။ အမိုးပေါ်မှာ ဆိုလာပြား ၂၈၈ ချပ် သုံးလိုက်တော့ ၀ပ် ၆၀၀ ထုတ်ပေးနိုင်တာပေါ့။ ဒီတာဘိုင်ကထုတ်တဲ့ ၀ပ် ၇၄၀ ထပ်ပေါင်းလိုက်ရင် Ecocapsule ရဲ့ စွမ်းအင်စနစ်က ဒီတအိမ်စာအတွက် လုံးဝ လုံလောက်ပါတယ်။" ဥပုံစံတည်ဆောက်ရတာကတော့ စွမ်းအင်ထိန်းချုပ်မှုကို မြှင့်တင်ပေးဖို့၊ မနက်ခင်း နှင်းမြူရည်နဲ့ မိုးရေစုဆောင်းနိုင်အောင်လို့ပါလို့ သူတို့အဖွဲ့က ဆိုပါတယ်။ အိမ်နံရံတွေကိုတော့ ဘက်တီးရီးယားတွေကို ရာနှုန်းပြည့်နီးပါး ဖယ်ရှားပေးနိုင်တဲ့ အကောင်းစား ရေစစ်တွေနဲ့ ကွပ်ထားတာမို့ သောက်ရေအတွက် ဖူလုံစေမှာပါ။ အိမ်လေးကို ဒီအဖွဲ့က ဘက်စုံစဉ်းစားပြီး တည်ဆောက်ထားပုံပါပဲ။ ကဲ လူကြီးမင်းတို့အနေနဲ့ ဒီ Ecocapsule လေးကို ကားပေါ်တင်ပြီး စိမ်းလန်းတဲ့ ဘ၀နေဟန်နဲ့ ခရီးထွက်ဖို့ကိုပဲ ဆုံးဖြတ်ရတော့မှာနော်။
6 years Ago
Up