မိုနာလီဆာ၏

September 30, 2017

မိုနာလီဆာ၏ ကိုယ်လုံးတီးပုံ ပန်းချီပုံကြမ်း တွေ့ရှိ

ပြင်သစ်နိုင်ငံ ကွန်ဒီပြတိုက်မှာ လွန်ခဲ့တဲ့ နှစ် ၁၅၀ ကျော်က သိမ်းဆည်းထားတဲ့ အနုပညာလက်ရာ ပန်းချီကားတွေထဲမှာ မီးသွေးနဲ့ ဆွဲထားတဲ့ ပန်းချီပုံကြမ်းတခုက နာမည်ကျော် မိုနာလီဆာရဲ့ ပုံကြမ်းဖြစ်မယ်လို့ ပြင်သစ်ကျွမ်းကျင်သူတွေက ပြောလိုက်ပါတယ်။ မိုနာဗန်နာလို့ ခေါ်တဲ့ မီးသွေးနဲ့ ပုံကြမ်းခြစ်ထားတဲ့ အမျိုးသမီး ကိုယ်လုံးတီးပုံက အရင်က ပန်းချီဆရာ လီယိုနာဒိုဒါဗင်ဂျီ စတူဒီယိုရဲ့ တခုတည်းမူပိုင်လို့ မှတ်ယူထားကြပါတယ်။ ပြင်သစ်နိုင်ငံ လုဗ် (Louvre) ပြတိုက်မှာ ပန်းချီကားကို စမ်းသပ်ပြီးနောက် ပန်းချီကားထိန်းသိမ်းထားသူ/စုဆောင်းသူတွေက ဒီပုံကြမ်းက လီယိုနာဒိုရဲ့ လက်ရာလို့ ယူဆနေကြတာပါ။ ပြင်သစ်နိုင်ငံရဲ့ မြို့တော် မြောက်ပိုင်း ရှန်တေလီမြို့နန်းတော်က ကွန်ဒီပြတိုက်မှာ တကျော့ပြန်ခေတ်စားလာတဲ့ ပန်းချီကားစုဆောင်းမှုတွေထဲမှာ ဒီပန်းချီက ၁၈၆၂ ခုနှစ်ကတည်းက သိမ်းဆည်းထားတဲ့ ပန်းချီကားဖြစ်တယ်လို့ ဆိုပါတယ်။ လီယိုနာဒိုဒါဗင်ချီ (၁၄၅၂-၁၅၁၉ ခုနှစ်) က အီတလီ ပန်းချီဆရာအကျော်အမော်တွေထဲက တဦးဖြစ်ပြီး လာဂီယိုကွန်ဒါလို့ လူသိများတဲ့ သူ့ရဲ့ မိုနာလီဆာ ဆီဆေးပန်းချီကားက ကမ္ဘာ့အဖိုးတန်ဆုံးနဲ့ အသိအမှတ်အပြုဆုံး ပန်းချီလက်ရာအဖြစ် ကျန်ရှိနေတာပါ။ မိုနာလီဆာ ပန်းချီကားက အထည်ကုန်သည်တဦးဖြစ်သူ ဖရန်စက်စ်ကိုဒယ်ဂီယိုကွန်ဒိုက သူ့ရဲ့ဇနီးဖြစ်သူ လီဆာဂါရာဒီနီရဲ့ ပုံတူပန်းချီကားကိုဆွဲဖို့ လီယိုနာဒိုကို အလုပ်အပ်ရင်း ဖြစ်လာခဲ့တာလို့ ယူဆနေကြပါတယ်။ ပန်းချီရဲ့ မျက်နှာနဲ့ လက်တွေက ပန်းချီကားကို အရည်အသွေးမြင့်စေပြီး အမှန်တကယ်ကို အသိအမှတ်ပြုရတဲ့ ပန်းချီကားလို့ ပန်းချီကားတွေကို ထိန်းသိမ်းစောင့်ရှောက်သူ Mathieu Deldicque က အေအက်ဖ်ပီ သတင်းဌာနကို ပြောလိုက်ပါတယ်။ “ပန်းချီကားက ဖျော့တော့နေတဲ့ မိတ္တူမဟုတ်ဘူး၊ လီယိုနာဒိုရဲ့ ဘဝ ပြီးဆုံးခါနီးအချိန်မှာ မိုနာလီဆာ ပန်းချီကားနဲ့ အပြိုင် ဆွဲထားတဲ့ တခုခုကို ကျနော်တို့ ကြည့်နေကြတာပါ။ ဒီပန်းချီကားက ဆီဆေးပန်းချီကားအတွက် အခြေခံဆွဲထားတဲ့ လက်ရာတခုဆိုတာ သေချာသလောက်နီးပါးပါပဲ” လို့ ပန်းချီကား ထိန်းသိမ်းသူက ပြောပါတယ်။ လုဗ်ပြတိုက်ရဲ့ ပန်းချီကား ထိန်းသိမ်းစောင့်ရှောက်ရေး ကျွမ်းကျင်သူ ဘရူနိုမော်တင်က ပန်းချီရဲ့ ရက်စွဲက ၁၆ ရာစု အစဖြစ်တဲ့ လီယိုနာဒိုရဲ့ ခေတ်ကာလ ရက်စွဲအဖြစ် အတည်ပြုပြောကြားလိုက်ပြီး လက်ရာကလည်း အရည်အသွေး အရမ်းမြင့်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် မစ္စတာမော်တင်က ပန်းချီကားရဲ့ ထိပ်ပိုင်း ဦးခေါင်းနားက အရိပ်ကျတဲ့နေရာကို ထောက်ပြပြီး အဲ့ဒီနေရာက ညာလက်နဲ့ ပန်းချီဆွဲသူရဲ့ လက်ရာဖြစ်ပြီး လီယိုနာဒိုက ဘယ်လက်နဲ့သာ ပန်းချီဆွဲတယ်လို့ ပြောပါတယ်။
4 years Ago
Up