ချန်ပီယံလိဂ် အုပ်စု အီး ပွဲစဉ် ၅ အဖြစ် ပြင်သစ်ကလပ် မိုနာကိုနဲ့ ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ်ဟော့စပါးတို့ နိုဝင်ဘာ ၂၂ ရက်ညက ယှဉ်ပြိုင်ရာ မိုနာကိုက ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး အုပ်စု ပထမနဲ့ နောက်တဆင့် တက်ရောက်သွားပါတယ်။
ပွဲအစ ၁၁ မိနစ်မှာပဲ မိုနာကို ပယ်နယ်တီကန်ခွင့်ရခဲ့ပေမယ့် စပါးဂိုးသမား ဟူဂိုလိုရစ် ကာကွယ်နိုင်ခဲ့လို့ အဖွင့်ဂိုး စောစောစီးစီး မပေးခဲ့ရတာပါ။
စပါးအသင်းဟာ ဒီနေ့ပွဲ အနိုင်ရမှ နောက်တဆင့်တက်ခွင့်ရမှာဖြစ်လို့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်းအထိ အသာစီးရအောင် ကစားနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း အဖွင့်ဂိုးကို မိုနာကိုက ရရှိသွားပြီး ပွဲချိန် ၄၈ မိနစ်မှာ Sidibe က သွင်းယူပေးခဲ့ပါတယ်။
၅၂ မိနစ်မှာ စပါးအတွက် ဟယ်ရီကိန်းက ပယ်နယ်တီကတဆင့် ချေပဂိုးသွင်းယူပေးခဲ့ပေမယ့် နောက်တမိနစ်အကြာမှာပဲ လီမာက မိုနာကိုအတွက် ဒုတိယဂိုး သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ စပါး ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။
ပွဲစဉ် ၅ အပြီးမှာ မိုနာကိုက ရမှတ် ၁၁ မှတ်နဲ့ အုပ်စု ပထမ၊ လေဗာကူဆင်က ရမှတ် ၇ မှတ်နဲ့ အုပ်စု ဒုတိယ၊ စပါးက ၄ မှတ်နဲ့ တတိယ၊ စီအက်စ်ကေအေမော်စကိုက ၃ မှတ်နဲ့ အုပ်စု အောက်ဆုံးမှာ ရပ်တည်နေပါတယ်။
ဒီအုပ်စုက မိုနာကိုနဲ့ လေဗာကူဆင်တို့ ချန်ပီယံလိဂ် နောက်တဆင့် တက်ရောက်သွားပြီး စပါးကတော့ အုပ်စုနောက်ဆုံးပွဲမှာ အနိုင်ရခဲ့ရင်တောင် ထိပ်တိုက်တွေ့ဆုံမှုမှာ လေဗာကူဆင်ကို ရှုံးနိမ့်ခဲ့တဲ့အတွက် နောက်တဆင့်အတွက် မျှော်လင့်ချက်မရှိတော့ဘဲ ယူရိုပါလိဂ်မှာ ကန်ခွင့်ရဖို့ပဲ မျှော်မှန်းနိုင်မှာ ဖြစ်ပါတယ်။
6 years Ago