မိုဇမ်ဘစ်တွင်တွေ့ရှိသည့် လေယာဉ်ပျက်အပိုင်းအစ ပျောက်ဆုံး MH 370 မှ ဖြစ်ဖွယ်ရှိ

March 3, 2016

မိုဇမ်ဘစ်တွင်တွေ့ရှိသည့် လေယာဉ်ပျက်အပိုင်းအစ ပျောက်ဆုံး MH 370 မှ ဖြစ်ဖွယ်ရှိ

မိုဇမ်ဘစ်နိုင်ငံမှာ အခုတပတ်အစောပိုင်းက တွေ့ရှိခဲ့တဲ့ လေယာဉ်ပျက်အပိုင်းအစလို့ ယုံကြည်ရတာတခုဟာ ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းလိုင်း လေယာဉ်ရဲ့ အမျိုးအစားဖြစ်တဲ့ ဘိုးအင်း ၇၇၇ ရဲ့ အပိုင်းအပျက် ဖြစ်ဖို့များတယ်လို့ မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောပါတယ်။ ဒီအပိုင်းအစကို တွေ့ရှိခဲ့တဲ့နေရာဟာ လေယာဉ်ပျက်အပိုင်းအစတွေ ပင်လယ်ရေစီးကြောင်းနဲ့ ပါသွားပြီး ပြန်တွေ့နိုင်တဲ့ နေရာလို့လည်း သြစတြေးလျနိုင်ငံက ပြောပါတယ်။ အရှည် ၁ မီတာရှိတဲ့ သတ္တုပြားတချပ်ကို မိုဇမ်ဘစ်နိုင်ငံ ပင်လယ်သောင်ပြင်ပေါ်မှာ အမေရိကန်နိုင်ငံသားတဦးက တွေ့ရှိခဲ့တာပါ။ ပျောက်ဆုံးနေတဲ့ MH370 လေယာဉ်ဟာ ခရီးသည် ၂၃၉ ဦးနဲ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ကနေ တရုတ်နိုင်ငံ၊ ဘေကျင်းမြို့တော်ကို ပျံသန်းရင်း ပျောက်ဆုံးခဲ့တာပါ။ သြစတြေးလျနိုင်ငံက ဦးဆောင်ပြီး ပင်လယ်ရေနက်ပိုင်း လေယာဉ်ပျောက်ရှာဖွေမှုတွေ လုပ်ခဲ့ပေမယ့် အခုအချိန်အထိ မတွေ့ရှိသေးပါဘူး။ အခုတွေ့ရှိခဲ့တဲ့ လေယာဉ်ပျက် အပိုင်းအစဟာ ဘိုးအင်း ၇၇၇ လေယာဉ်တစီးက ဖြစ်နိုင်ချေ အတော့်ကိုများပေမယ့် အာဏာပိုင်တွေ အတည်မပြုပြီးသေးသရွေ့ ရမ်းသန်းဆုံးဖြတ်တာမျိုး မလုပ်ဖို့ မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီးက တိုက်တွန်းထားပါတယ်။ အဲ့ဒီအပိုင်းအစကို သြစတြေးလျနိုင်ငံကို သယ်ဆောင်ပြီး အသေးစိတ် စစ်ဆေးမှုတွေလုပ်ဖို့ သြစတြေးလျ လေကြောင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောပါတယ်။
6 years Ago
Up