အိုင်အက်စ် အကြမ်းဖက်အဖွဲ့တွေကို အမြစ်ဖြတ်နိုင်ရေး ကြိုးစားနေတဲ့ အီရတ်တပ်ဖွဲ့တွေဟာ ဒီဇင်ဘာ ၂၉ ရက်နေ့က မိုဆူးလ်မြို့အနီးမှာ ဒုတိယအကြိမ် ထိုးစစ်ဆင်ခဲ့ပြီး နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
ဒီထိုးစစ်ရဲ့ အဓိကရည်ရွယ်ချက်က တလကြာ ပိတ်ဆို့နေတဲ့ မိုဆူးလ်မြို့ အရှေ့ခြမ်းခရိုင်ကို သုံးဘက်သုံးတန်ကနေ ပူးညှပ်တိုက်ခိုက်ရေးပဲ ဖြစ်ပါတယ်။
အမေရိကန်နဲ့ ကာ့ဒ်တပ်ဖွဲ့တွေ ပူးပေါင်းပါဝင်တဲ့ အီရတ်တပ်ဖွဲ့တွေဟာ အခုဆိုရင် အိုင်အက်စ်တွေရဲ့ အမာခံစခန်းဖြစ်တဲ့ မိုဆူးလ်ဒေသရဲ့ လေးပုံတပုံကို ပြန်လည်သိမ်းယူနိုင်ပြီ ဖြစ်ပါတယ်။
အခုထိုးစစ်ဆင်နေတဲ့တပ်ဖွဲ့ဟာ အင်အား ၅၀၀၀ လောက်ရှိပြီး မူလက မိုဆူးလ်မြို့တောင်ပိုင်းမှာ နေရာယူထားရာကနေ အခု အရှေ့တောင်ပိုင်းကို ဝင်ရောက်ရှင်းလင်းနေတာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးတပ်ဖွဲ့ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ABDELGHANI AL-ASSADI က “ဒီကနေ့ ဒုတိယအသုတ် ထိုးစစ်စတင်ပါတယ်။ ဘုရားသခင်ရဲ့ကျေးဇူးကြောင့် ကလေးတွေ၊ အရပ်သားတွေကို ဓားစာခံအဖြစ် အသုံးချနေတဲ့ Quds ဒေသက အိုင်အက်စ်တွေကို မောင်းထုတ်နိုင်ခဲ့ပါတယ်” လို့ ရှင်းပြသွားပါတယ်။
အမေရိကန်ဦးဆောင်တဲ့ အီရတ်တပ်ဖွဲ့တွေဟာ အိုင်အက်စ်တွေကို ချေမှုန်းနိုင်ရေးအတွက် မိုဆူးလ်မြို့ထဲမှာ ရှေ့တန်းစစ်မျက်မှာနှစ်ခုကို ဖွင့်ထားပြီးဖြစ်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်ကြီး ABDELGHANI AL-ASSADI က ဖြည့်စွက်ပြောကြားသွားပါတယ်။
6 years Ago