မိုဆူးလ်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်သော်လည်း ရှင်းလင်း တိုက်ခိုက်နေရဆဲဖြစ်

July 25, 2017

မိုဆူးလ်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်သော်လည်း ရှင်းလင်း တိုက်ခိုက်နေရဆဲဖြစ်

အီရတ်နိုင်ငံက အိုင်အက်စ် အကြမ်းဖက်သမားတွေ သိမ်းပိုက်ထားတဲ့ မိုဆူးလ်မြို့ကို ပြန်လည်သိမ်းပိုက်လိုက်ပြီဖြစ်ပေမယ့် ဖောက်ခွဲရေးပစ္စည်း ရှင်းလင်းရေးနဲ့ လက်ကျန် အကြမ်းဖက်သမားတွေကို ရှင်းလင်းတိုက်ခိုက်နေရဆဲ ဖြစ်ပါတယ်။ ၉ လကြာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် မိုဆူးလ်မြို့ အနောက်ပိုင်းဧရိယာမှာ အဆောက်အဦတွေ ပြိုကျပျက်စီးသွားခဲ့သလို ကျည်ဆန်ရာအပြည့်နဲ့ အဆောက်အဦပျက်တွေ တွေ့ရမှာဖြစ်ပါတယ်။ “ပြီးခဲ့တဲ့တပတ်လုံးမှာ ရဲတပ်ဖွဲ့ဝင်တွေအားလုံး ရှာဖွေရေးနဲ့ ရှင်းလင်းရေး စတင်လုပ်ဆောင်နေပါတယ်။ အကြမ်းဖက်သမားတွေ ထောင်သွားတဲ့ ဗုံးတွေကိုလည်း ရှာရသလို ဥမင်လိုဏ်ခေါင်းလို နေရာမျိုးမှာ ပုန်းနေတဲ့ အိုင်အက်စ်တွေရှိမရှိ ရှာဖွေနေရပါတယ်” လို့ အီရတ်အစိုးရရဲတပ်ဖွဲ့ ဒု-ရဲမှူးကြီး အီမတ်ခါလက်ဖ်အဗ္ဗဒူလာက ပြောကြားပါတယ်။ “ဒီနားနဲ့ ဟိုနားလောက်မှာ လူလုံးဝမရှိကြတော့ပါဘူး။ သက်ရှိတွေနေတာဆိုလို့ ဒီနားတဝိုက်လောက်မှာပဲ ရှိပါတယ်။ ဟို တာယာရန်ဘက်မှာတော့ ရေရှိပါတယ်။ ကျနော်တို့မှာ ရေမရှိပါဘူး။ ဒီကို လူတွေ ပြန်လာကြတာ တဖြည်းဖြည်းပဲ ပြန်လာတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘာဝန်ဆောင်မှုမှ မရလို့လေ။ တကယ်လို့ ရေနဲ့ လျှပ်စစ်မီးသာ ရမယ်ဆိုရင် အရှေ့ဘက်မှာ ရောက်နေတဲ့လူတွေ သူတို့အိမ်ရှိရာကို ပြန်လာကြမှာပါ။ ခုတော့ ဘာဝန်ဆောင်မှုမှ မရသေးတော့ ပြန်မလာကြသေးဘူး” လို့ မိုဆူးလ်မြို့မှာနေတဲ့ ယူဆွတ်အာမက်က ပြောကြားသွားတာပါ။ “အိုင်အက်စ်တွေ မီးရှို့သွားတာ၊ အဆက်မပြတ်ကို မီးရှို့ကြတာ။ သူတို့တွေဟာ ဘယ်သူ့ကိုမှ သနားကြင်နာမှု မရှိတဲ့သူတွေပါ။ ကျနော်က အပြင်ကို မထွက်ရဲဘူး။ မော်တာနဲ့ပစ်ခံရမှာ ကြောက်လို့။ ကျေန်ာလည်း တလလုံး မြေအောက်ခန်းထဲမှာပဲ ပုန်းနေရတာ။ ကျနော် ခြံတံခါးနားတောင် မသွားရဲဘူး” လို့ ဒေသခံတဦးဖြစ်တဲ့ ဘာရှာက ပြောပါတယ်။
5 years Ago
Up