မိုဆူးလ်လေဆိပ်ကို အီရတ်တပ်ဖွဲ့ဝင်များ အပြင်းအထန် တိုက်ခိုက်သိမ်းယူ

February 24, 2017

မိုဆူးလ်လေဆိပ်ကို အီရတ်တပ်ဖွဲ့ဝင်များ အပြင်းအထန် တိုက်ခိုက်သိမ်းယူ (ရုပ်သံ)

အိုင်အက်စ်အကြမ်းဖက်တွေ ထိန်းချုပ်ထားတဲ့ မိုဆူးလ်မြို့အနောက်ပိုင်းကို အီရတ်တပ်ဖွဲ့ဝင်တွေ ဆက်လက် ထိုးစစ်ဆင်နေကြပြီး မဟာဗျူဟာကျတဲ့ မိုဆူးလ်လေဆိပ်ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ အပြင်းအထန် တိုက်ခိုက်သိမ်းယူနေပါတယ်။ အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လေဆိပ်ပရိဝုဏ်ထဲကို ဝင်ရောက်သွားနိုင်ခဲ့ကြပေမယ့် လေဆိပ်အဆောက်အဦတွေကနေ အိုင်အက်စ် အကြမ်းဖက်တွေက အပြင်းအထန် တိုက်ခိုက်လာကြတယ်လို့ အေပီသတင်းက ဆိုပါတယ်။ တချိန်တည်းမှာပဲ လေဆိပ်နားက အီရတ်စစ်တပ်တတပ်ကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်သွားခဲ့ပြီး အဲဒီမှာလည်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ အီရတ်စစ်တပ်ရဲ့ ပြောခွင့်ရက ဆိုပါတယ်။ မိုဆူးလ်မြို့အရှေ့ပိုင်းဖြစ်တဲ့ တိုက်ကရစ်မြစ် အရှေ့ခြမ်းကိုတော့ အီရတ်စစ်တပ်က ပြီးခဲ့တဲ့လမှာ သိမ်းပိုက်ရရှိထားပြီး ဖြစ်ပါတယ်။ လေယာဉ်ပြေးလမ်းကို အိုင်အက်စ်အကြမ်းဖက်တွေက ဖျက်ဆီးထားကြပေမယ့် သုံးမယ်ဆိုရင်တော့ အကျိုးရှိရှိ အသုံးချနိုင်သေးတယ်လို့ အီရတ်တပ်ဖွဲ့ဝင်တွေနဲ့ လိုက်ပါသွားတဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။ လေဆိပ်နဲ့ ပတ်ဝန်းကျင်နယ်မြေဟာ အတော်ကို ကျယ်ဝန်းတဲ့အတွက် လေဆိပ်ကို ထိန်းချုပ်နိုင်ပြီဆိုရင် မိုဆူးလ်မြို့တောင်ပိုင်းတခွင်လုံးကို ထိန်းချုပ်နိုင်ပြီလို့ ဆိုပါတယ်။ အီရတ်တပ်ဖွဲ့ဝင်တွေ လေဆိပ်ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က မဝင်ရောက်ခင် အမေရိကန်လေတပ်က လေဆိပ်ထဲက အိုင်အက်စ် အကြမ်းဖက်နေရာတွေကို တညလုံး ဗုံးကြဲတိုက်ခိုက်ပေးခဲ့ပါတယ်။
4 years Ago
Up