မိုဆူးလ်တောင်ဘက်တွင် ခေါင်းဖြတ်ထားသည့်အလောင်း ၁၀၀ ခန့် တွေ့ရှိ

A d v e r t i s e m e n t With Us

November 8, 2016

မိုဆူးလ်တောင်ဘက်တွင် ခေါင်းဖြတ်ထားသည့်အလောင်း ၁၀၀ ခန့် တွေ့ရှိ

မိုဆူးလ်မြို့ရဲ့တောင်ဘက်က မြို့တမြို့ရဲ့ ကျောင်းအတွင်းမှာ ခေါင်းဖြတ်ထားတဲ့ အရပ်သားအလောင်း ၁၀၀ လောက် အစုအပြုံလိုက် မြှုပ်နှံထားတာကို တွေ့ခဲ့တယ်လို့ နိုဝင်ဘာ ၇ ရက်နေ့က အီရတ်စစ်တပ်က သတင်းထုတ်ပြန် ပြောလိုက်ပါတယ်။ နိုဝင်ဘာလ ၇ ရက်နေ့မှာ အိုင်အက်စ်တွေရဲ့ လက်ထဲကနေ အီရတ်စစ်တပ်တွေက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ ဟမ်မမ်အယ်လ်အလီမြို့အပြင်ဘက်က စိုက်ပျိုးရေးကျောင်းထဲမှာ လူသေအလောင်းတွေ အစုအပြုံလိုက်မြှုပ်နှံထားမှုကို အီရတ်စစ်တပ်တွေက တွေ့ရှိခဲ့တာလို့ အီရတ်ပူးတွဲတပ်က ပြောပါတယ်။ “လက်နက်ကိုင် အိုင်အက်စ်စစ်သွေးကြွတွေက ကျနော်တို့ပြည်သူတွေအပေါ် ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နေတယ်လို့” လည်း ဒီထုတ်ပြန်ချက်က ပြောလိုက်တာပါ။ ဒီအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုကို စုံစမ်းစစ်ဆေးဖို့ အဲ့ဒီဒေသကို အထူးတပ်ဖွဲ့ စေလွှတ်ထားတယ်လို့လည်း ဒီသတင်းထုတ်ပြန်ချက်က ပြောပါတယ်။ ဒီလိုခေါင်းဖြတ်သတ်ပြီး အစုလိုက်အပြုံလိုက် မြှုပ်နှံထားတာက ဆွန်နီအကြမ်းဖက်သမားတွေရဲ့ အမှတ်အသားသင်္ကေတဖြစ်တယ်လို့ သိရပါတယ်။ မိုဆူးလ်မြို့တောင်ဘက်ရဲ့ ၃၀ ကီလိုမီတာ (၁၈.၆ မိုင်) အကွာလောက်က အိုင်အက်စ်တွေ သိမ်းပိုက်ထားတဲ့ ဟမ်မမ်အယ်လ်အလီမြို့ကို အီရတ်ဗဟိုရဲတပ်ဖွဲ့တွေနဲ့ စပ်တပ်တွေပူးပေါင်းပြီး နိုဝင်ဘာလ ၅ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြတာပါ။ အီရတ်ရဲနဲ့ စစ်တပ်တွေက ထိုးစစ်ဆင်မတိုက်ခတ်မီ ၁ ရက်အလိုမှာ အသက် ၉ နှစ်နဲ့အထက် ဒေသခံတွေကို အကြမ်းဖက်တပ်တွေကိုယ်စား တိုက်ခိုက်ဖို့ အိုင်အက်စ်တွေက ညွှန်ကြားခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်ဆီက သတင်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။
4 years Ago
Up