မိုင် ၂၈၀၀ ရွက်လွှင့်

April 22, 2018

ကလေး ၂ ဦးပိုင် ပင်လယ်ဓားပြသင်္ဘောလေး မိုင် ၂၈၀၀ ရွက်လွှင့်

ညီအကို ၂ ဦးပိုင်ဆိုင်တဲ့ ပင်လယ်ဓားပြအရုပ်သင်္ဘောလေးက အတ္တလန္တိတ် သမုဒ္ဒရာအတွင်း မိုင်ပေါင်း ၂၈၀၀ ရွက်လွှင့်ခဲ့ပြီးပြီလို့ သည်ဆန်းသတင်းရဲ့ ဧပြီ ၂၁ ရက်နေ့ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ အိုလီဖာဂူဆန် အသက် ၈ နှစ်နဲ့ ဟယ်ရီ အသက် ၆ နှစ်တို့က ပေါင် ၄၀ တန် ကစားစရာ ပင်လယ်ဓညးပြ သင်္ဘောလေးကို ဖခင်ဖြစ်သူ မက်နီးလ်ရဲ့ အကူအညီနဲ့ ပိုလီစတိုင်ရင်း ဓာတုပစ္စည်းတမျိုးသုံးကာ ပေါလောမျောအောင်လုပ်ပြီး ရွက်လွှင့်ခဲ့ကြတာပါ။ သင်္ဘောလေးက ၆၅ ပေအမြင့်လှိုင်းတွေဒဏ်ကို ခံနိုင်ပြီး ခုချိန်မှာ ကရစ်ဘီယမ်ဆီ ဦးတည်နေတယ်လို့ သင်္ဘောလေးပေါ်မှာပါတဲ့ ခြေရာခံစက်ကလေးက ပြနေပါတယ်။ ဖခင်ဖြစ်သူ မက်နီး အသက် ၄၄ နှစ်က “ဒီကစားစရာ သေးသေးလေးက ဒီလောက်အဝေးကြီးသွားနိုင်တာ မယုံနိုင်အောင်ပဲ၊ တကယ့်ကို အံ့သြဖို့ကောင်းတယ်။ ခြေရာခံစက် ကိန်းဂဏန်းတွေအရ သင်္ဘောလေးက ၁ နာရီ ၁ နော့်တ်နှုန်း (၁.၁၅ မိုင်) နှုန်းနဲ့ သွားခဲ့ပြီး အမြင့်မီတာ ၂၀ အထိရောက်လို့ ဒါက ကြမ်းတမ်းတဲ့ရာသီဥတုကို ကျော်ဖြတ်နိုင်ခဲ့တယ်ဆိုတာ ပြနေတယ်” လို့ ပြောပါတယ်။ စကော့တလန်နိုင်ငံ အဘာဒီးန်ရှီးယားကောင်စီဧရိယာ၊ တာဖစ်မြို့ မိသားစုက မြောက်ပိုင်းပင်လယ်အတွင်း စွန့်စားခရီးလို့ အမည်ပေးထားတဲ့ ဒီသင်္ဘောလေးကို ၂၀၁၇ ခုနှစ် မေလမှာ ပထမဆုံး စတင်ရွက်လွှင့်ခဲ့တာဖြစ်ပြီး နော်ဝေးနိုင်ငံကို မရောက်ခင် သင်္ဘောလေးက ဒိန်းမတ်နိုင်ငံနဲ့ မိုင် ၃၉၀ အကွာမှာ တွေ့ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနေရာမှာ ခရစ်စတီယမ်ရာဒစ်ခ်ျသင်္ဘောဝန်ထမ်းတွေက သင်္ဘောလေးကို ပင်လယ်ထဲ ပြန်မပို့ခင် မိုင် ၃၀၀၀ ခရီးထိ သယ်ဆောင်သွားမယ်ဆိုပြီး ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုခရီးရှည်ကို သွားဖို့ ခြေရာခံစက်နဲ့လည်းအဆင်ပြေနေလို့ သင်္ဘောလေးက ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာတော့ အာဖရိကအနောက်ဘက် ကမ်းရိုးတန်း မိုင် ၁၀၀ အကွာကနေ ရာဇဝင်တွင်တဲ့ ခရီးကို စခဲ့တာပါ။ သင်္ဘောလေး ခရီးရှည်ထွက်နိုင်ပေမယ့် ကလေး ၂ ဦးရဲ့ဖခင်ဖြစ်သူ မက်နီးလ်က ခြေရာခံစက် ဘတ်ထရီကုန်မှာ စိုးရိမ်နေပါတယ်။ “သဘောင်္လေးရဲ့ခြေရာခံစက်က အင်တာနက်ပေါ်ပြ မြေပုံပေါ်မှာ သူ့ရဲ့လက်ရှိတည်နေရာပြဖို့ အကြိမ်တော်တော်များများ ပျက်ကွက်ခဲ့ပြီး သင်္ဘောကို မြေပုံပေါ်မှာ ပြန်တွေ့ရင်တော့ စိတ်သက်သာရာရတယ်။ သင်္ဘောလေး ပျောက်သွားပြီထင်နေတဲ့ အချိန်ရောက်ရင် သား ၂ ယောက်က ဝမ်းနည်းနေကြတယ်” လို့ ဖခင်ဖြစ်သူက ပြောပါတယ်။ “ခုချိန်မှာ သင်္ဘောလေးက သူ့ခရီးကို အဆုံးသတ်တော့မှာမို့ ကျနော်တို့အိမ်မှာ အားလုံး စိတ်လှုပ်ရှားနေကြတယ်။ ခြေရာခံစက်လေးကို ဘတ်ထရီဖြည့်ဖို့ ပင်လယ်ထဲမှာ သင်္ဘောလေးကို တွေ့တဲ့ ဘယ်သူမဆို ကူညီပေးဖို့လည်း မေတ္တာရပ်ခံတယ်။ အကယ်၍ တစုံတယောက်က သင်္ဘောလေးကို တွေ့ခဲ့ရင်လည်း ကျနော်တို့ကို သတင်းစကားပေးပြီး အသိပေးပါ” လို့ ဖခင်ဖြစ်သူက ထပ်ပြောပါတယ်။ စကော့တလန် ကုန်တင်သင်္ဘောတစီးက ဂရုတစိုက်စောင့်ကြည့်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ “သင်္ဘောပေါ်မှာ ခြေရာခံစက်ပါတာကလည်း ပျော်စရာကောင်းပြီး သား ၂ ဦးအတွက် အများကြီး သင်ယူနိုင်ခဲ့တယ်။ ပင်လယ်ပြင် ဘယ်လိုလှုပ်ရှားတယ်။ ရာသီဥတု ဘယ်လိုဆိုတာတင်မကပဲ ကမ္ဘာကြီးပေါ်မှာ သူတို့ကို ကူညီချင်တဲ့ ကြင်နာတတ်တဲ့ လူတွေကို သူတို့ သိခဲ့ရတယ်” လို့ ဖခင်ဖြစ်သူက ပြောပါတယ်။
3 years Ago
Up