မိုင်းပေါက်ကွဲ

May 21, 2019

မန္တလေးတိုင်းရဲတပ်ဖွဲ့ မိုင်းရှင်းသင်တန်းတွင် မတော်တဆ မိုင်းပေါက်ကွဲ၊ ၁၁ ဦး ဒဏ်ရာရ

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူး ရုံးဝင်းထဲမှာ မိုင်းရှာဖွေ ရှင်းလင်းတဲ့ ဆင့်ပွားသင်တန်း လုပ်နေတုန်း ဒီနေ့ မေလ ၂၁ ရက် မနက်က မတော်တဆ မိုင်းပေါက်ကွဲလို့ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာ ရသွားပါတယ်။ ဒီမနက် ၉ နာရီကျော်က သင်တန်းဆောင်ရှေ့ လေ့ကျင့်ရေးကွင်းမှာ ရဲတပ်ဖွဲ့ဝင် သင်တန်းသား အယောက် ၅၀ ကို သင်ခန်းစာ လက်တွေ့သရုပ်ပြ သင်ကြားနေတုန်း ရဲတပ်ဖွဲ့ဝင်တယောက်က ပလတ်စတစ် နင်းမိုင်းပေါ်ကို မတော်တဆ တက်နင်းမိရာကနေ ပေါက်ကွဲတာလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ပလတ်စတစ်နင်းမိုင်းကို တက်နင်းမိတဲ့ ရဲတပ်ဖွဲ့ဝင်တယောက် ခြေချင်းဝတ် ပြတ်သွားတယ်လို့ ရဲသတင်းမှာ ဖော်ပြပါတယ်။ ဒီပေါက်ကွဲမှုမှာ သင်တန်းဆရာနဲ့ သင်တန်းသား ဒဏ်ရာရရှိသူ ၁၁ ယောက်ရှိတယ်လို့ ဒီဗွီဘီက စုံစမ်းသိရပြီး ဒဏ်ရာရသူတွေကို မန္တလေးဆေးရုံကြီးမှာ ပို့ဆောင် ကုသပေးနေပါတယ်။ ပလတ်စတစ် M14 မိုင်း သရုပ်ပြရာမှာ မိုင်းအတုနဲ့ သရုပ်ပြဖို့ ထုတ်ယူလာခဲ့ပေမယ့် မိုင်းအစစ်ဖြစ်နေပြီး တက်နင်းမိစဉ်မှာ ပေါက်ကွဲခဲ့တာပါ။ မေလ ၁၃ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ မိုင်းရှာဖွေရှင်းလင်းခြင်း (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁/၂၀၁၉) ကို သင်တန်းပို့ချပေးနေတာ ဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ- ကျော်ဇေဝင်း
2 years Ago

March 30, 2019

နမ္မတူတွင် တောင်ယာရှင်းနေသူများ မိုင်းပေါက်ကွဲ၍ ၃ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ

ဒီနေ့မနက်ပိုင်းက ရှမ်းပြည်နယ် နမ္မတူမြို့မှာ တောင်ယာရှင်းနေသူတွေ မိုင်းပေါက်ကွဲပြီး ကလေး ၂ ယောက် အပါအဝင် ၃ ယောက် သေဆုံး၊ ၄ ယောက် ဒဏ်ရာရသွားပါတယ်။ နမ္မတူမြို့နယ် မန်လီရွာမှာ မနက် ၆ နာရီလောက်က ဖြစ်ခဲ့ပြီး မိုင်းနင်းမိသူ အသက် ၁၅ နှစ်အရွယ် ယောက်ျားလေးက နေရာမှာပဲ သေဆုံးခဲ့ပါတယ်။ မန်လီရွာ အုပ်ချုပ်ရေးမှူး မိုင်းတာဦးက “တောင်ယာက ရွာနဲ့ သိပ်မဝေးဘူး။ မိနစ် ၂၀ လောက်ပဲ လျှောက်ရတာ။ သူတို့က တောင်ယာရှင်းပြီးလို့ ထမင်းစားနားချိန်မှာ ကောင်လေးက နင်းမိတာ။ ကျန်တဲ့ ၆ ယောက်လည်း ဒဏ်ရာရကြတယ်။ ၂ ယောက်ကတော့ ဆေးရုံယူသွားရင်း သေသွားတာ။ သေသွားတဲ့ ကောင်မလေးက မအေးအောင်တဲ့၊ ၄ တန်းဖြေထားတယ်။ နောက်တယောက်က အိုက်ဟိန်း၊ အသက်က ၃၄” လို့ ပြောပါတယ်။ သေဆုံးသွားတဲ့ ယောက်ျားလေး အိုက်လောင်ရဲ့အဖေဟာ RCSS တပ်တွေ ဖမ်းဆီးရာက မနေ့ကမှ ပြန်လွတ်လာတာ ဖြစ်ပါတယ်။ နောက်ထပ် ဒဏ်ရာရသူ ၃ ယောက်ကို သီပေါဆေးရုံမှာ တင်ထားပြီး ဒဏ်ရာပြင်းသူ တယောက်ကိုတော့ လားရှိုးဆေးရုံကို ပို့ထားတယ်လို့ မိုင်းတာဦးက ပြောပါတယ်။ ဒဏ်ရာရသူအားလုံးကတော့ မိန်းကလေးတွေချည်းပဲ ဖြစ်ပါတယ်။ မိုင်းတာဦးက “အခုက မိုးကျရင် တောင်ယာစိုက်လို့ရအောင် သွားရှင်းကြတာ။ ခုလို ဖြစ်တော့ တောင်ယာကို သွားဖို့ ကြောက်နေကြပြီ။ ထွေအုပ်ကိုတော့ အကြောင်းကြားထားတယ်။ သူတို့က တပ်ကို အကြောင်းကြားမယ်လို့ ပြောတယ်” လို့ ပြောပါတယ်။ မန်လီရွာပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက RCSS (ရှမ်းပြည်တပ်မတော် တောင်ပိုင်း) နဲ့ TNLA (တအာင်းလွတ်မြောက်ရေးတပ်မတော်) SSPP (ရှမ်းပြည်တပ်မတော်မြောက်ပိုင်း) ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
2 years Ago
Up