မုန်တိုင်းသင့်ဒေသ

January 20, 2021

မုန်တိုင်းသင့်ဒေသများကို ကပ်ဘေးသင့်ဇုန်အဖြစ် စပိန်အစိုးရ ကြေညာ

မုန်တိုင်း ဖှီလိုမေနာ အရင်အပတ်က ဝင်ရောက်တိုက်ခတ်တာခံခဲ့ရတဲ့ စပိန်နိုင်ငံရဲ့ မြို့တော် မဒရစ်နဲ့ တခြားဒေသတွေကို ကပ်ဘေးသင့်ဇုန်အဖြစ် စပိန်အစိုးရက ဇန်နဝါရီ ၁၉ ရက်မှာ ကြေညာလိုက်ပါတယ်။ ဒါဟာ အရေးပေါ် အမတော်ကြေးနဲ့ တခြားအထောက်အပံ့တွေကို စီစဉ်ပေးနိုင်ဖို့ လုပ်ရပ်တခုပါ။ မုန်တိုင်းကြောင့် ဆယ်စုနှစ်တွေအတွင်း အသည်းထန်ဆုံး နှင်းကျခဲ့ပြီး စပိန်မြို့တော်မှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံဖိုးထက် မနည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မြို့တော်ဝန်ရုံးက ကနဦး ခန့်မှန်းထားပါတယ်။ အတိုက်အခံပါတီတွေကတော့ ကိန်းဂဏန်းကို အငြင်းပွားနေခဲ့တာပါ။ နှင်းခဲပုံတွေက ရေခဲတုံးတွေ ဖြစ်ကုန်တဲ့အပြင် လဲကျလာတဲ့ သစ်ပင်တွေကြောင့် ကားလမ်းတွေနဲ့ ရထားလမ်းတွေ ပိတ်ကုန်တဲ့အတွက် မဒရစ်မြို့တော်ဆီ ပို့တဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေ ပြတ်တောက်ကုန်ပြီး ဈေးဆိုင်တွေက စင်တွေပေါ်မှာ ကုန်ပစ္စည်း ပြတ်လပ် ကုန်ပါတယ်။ နှင်းထုတွေကို ရှင်းပြီး မြို့ကိုပုံမှန် ပြန်လည်ပတ်နိုင်အောင်နဲ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအများစု ပြန်ပွင့်အောင် ရဲတွေ မီးသတ်သမားတွေနဲ့ စစ်တပ်ကပါ အင်အားထောင်ချီသုံးပြီး ပါဝင်ကူညီနေရပါတယ်။ ဒါပေမဲ့ လမ်းတွေ အများအပြားမှာ မရှင်းရသေးပါဘူး။ ဗုဒ္ဓဟူးနေ့ကစပြီး မိုးရွာနိုင်လို့ ရေကြီးပြီး နောက်ထပ် ပရမ်းပတာတွေ ဖြစ်နိုင်တယ်လို့ ဒေသန္တရအစိုးရက သတိပေးထားပါတယ်။
12 months Ago

September 6, 2020

မုန်တိုင်းသင့်ဒေသသို့ ကင်ဂျုံအန်း သွားရောက်၊ ဒေသန္တရခရိုင်ပါတီဥက္ကဋ္ဌကို ရာထူးမှဖယ်ရှား

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ တိုင်ဖွန်းမုန်တိုင်းသင့်ဒေသကို စက်တင်ဘာ ၅ ရက်က သွားရောက်လည်ပတ်ပြီး ဒေသန္တရခရိုင်ပါတီကော်မတီဥက္ကဋ္ဌကို ရာထူက ဖယ်ရှားခဲ့ပါတယ်။  ဒါ့အပြင် ပြန်လည်ထူထောင်ရေးအားထုတ်မှုတွေကို ဦးဆောင်ဖို့ ပြုံယမ်းမြို့ အရာရှိတွေကို အမိန့်ပေးခဲ့တယ်လို့ အစိုးရရုပ်သံ KRT က စက်တင်ဘာ ၆ ရက်မှာ ဖော်ပြပါတယ်။ ‌ဟမ်ဂျောင်းခရိုင် တောင်ပိုင်းနဲ့ မြောက်ပိုင်းကမ်းရိုးတန်းဒေသတွေတလျှောက် အိမ်ခြေ ၁၀၀၀ ကျော်ပျက်စီးခဲ့ပြီး ကင်ဟာ အဆောက်အအုံအပြိုအပျက်တွေကို လှည့်ပတ်ကြည့်ရှုခဲ့ တယ်လို့ KRT က ပြောပါတယ်။  ကင်ဟာ အမှုဆောင် မူဝါဒကော်မတီ အစည်းအဝေးကို ဦးဆောင်ခဲ့ပြီး မုန်တိုင်းသင့်ဒေသ ပြန်လည်ထူထောင်ရေးအားထုတ်မှုတွေမှာ အသေးစိတ်လုပ်ဆောင်ချက်တွေကို အာရုံစိုက်ခဲ့သလို ဒေသတွင်းကို စေလွှတ်ဖို့ တည်ဆောက်ရေးအဖွဲ့တွေ ဖွဲ့စည်းပေးခဲ့တယ်လို့ အစိုးရမီဒီယာက ပြောပါတယ်။  တကမ္ဘာလုံး ပြည်သူ့ကျန်းမာရေး အကြပ်အတည်း ဆိုက်နေသလို သဘာဝကပ်ဘေးတွေ လည်း သင့်နေလို့ ပုံမှန်မဟုတ်တဲ့ အခက်အခဲတွေကို ဒီနှစ်ထဲမှာ မျက်မြင်တွေ့နေရတယ်လို့ ကင်က မြို့တော်နေပါတီဝင်တွေဆီ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။  ပြုံယမ်းမြို့တော်ကနေ တိုင်ဖွန်းမုန်တိုင်းသင့်ဒေသတွေ ပြန်လည်ထူထောင်ရေး ကူညီဖို့ ပါတီဝင် ၁၂၀၀၀ ကို စေလွှတ်ဖို့ ပါတီဗဟိုကော်မတီက ဆုံးဖြတ်ခဲ့တယ်လို့လည်း အစိုးရမီဒီယာက ကြေညာခဲ့ပါတယ်။
1 year Ago
Up