မုန်တိုင်းဘေး

May 20, 2020

ရွှေဘိုတွင် မုန်တိုင်းဘေး အရေးပေါ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့မှာ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ရဲ့ အကျိုးသက်ရောက်မှု ဖြစ်ပေါ်လာရင် အဆင်သင့်ဖြစ်အောင် ခရိုင်မီးသတ်ဦးစီးဌာနက ဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ အကြိုပြင်ဆင်မှုအနေနဲ့ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုကို မနေ့က ပြုလုပ်ခဲ့ပါတယ်။  ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်က အလွန့်အလွန်အားကောင်းနေပြီး အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့ တောင်ဖက် ရေမိုင် ၂၀၅ မိုင်ခန့်၊ ဒီဂါမြို့ တောင်-အနောက်တောင်ဘက် ၂၈၅ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကမ်ပူပါရာမြို့ အနောက်တောင်ဘက် ရေမိုင် ၄၄၅ မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ဂွမြို့ အနောက်-အနောက်တောင်ဘက် ရေမိုင် ၄၄၀ ခန့် ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။  လက်ရှိအချိန်မှာ မြန်မာနိုင်ငံဘက်ကို  ဦးတည်ရွေ့လျားမယ့်အခြေအနေမရှိသေးတာကြောင့် မိုးဇလက အဝါရောင်အဆင့် သတ်မှတ်ထားပါတယ်။  ဒါပေမယ့် မုန်တိုင်းအရှိန်ကြောင့်မို့ မေလ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲနှင့် မန္တလေး၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီ၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။  ဒါ့အပြင် မုန်တိုင်းအရှိန်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှာ တစ်နာရီကို ၂၅ မိုင်ကနေ မိုင် ၃၀ ထိ လေတိုက်ခတ်နိုင်တယ်လို့လည်း ဆိုပါတယ်။  မုန်တိုင်းအမ်ဖန်က မြောက်၊ အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး လက်ရှိမှာ တစ်နာရီကို ၉ မိုင်နှုန်းနဲ့ ရွေ့လျားနေကာ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီကို မိုင် ၁၂၀ ထိ ရှိနေပါတယ်။ စစ်ကိုင်းတိုင်းမှာ မုန်တိုင်းအန္တရာယ်သတိပေးချက်တွေ ထုတ်ပြန်ထားတာကြောင့် အရေးပေါ်အခြေအနေအတွက်အခုလို ကြိုတင်ပြင်ဆင်ရတာလို့ ရွှေဘိုခရိုင်သတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့်က ပြောပါတယ်။  လက်ရှိမှာတော့ စစ်ကိုင်းတိုင်းအတွင်းက နေရာတော်တော်များများမှာ မိုးရွာတာ၊ လေတိုက်ခတ်တာတွေ ဖြစ်ပေါ်နေပါတယ်။
11 months Ago
Up