မုန်တိုင်းငယ် မြန်မာဘက် ဦးတည်

November 23, 2020

မုန်တိုင်းငယ် မြန်မာဘက် ဦးတည်မည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့် သတ်မှတ်

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့ရဲ့ တောင်-အရှေ့ တောင်ဘက် ရေမိုင် ၃၀၀ မိုင်ခန့်နဲ့ ချင်းနိုင်မြို့ရဲ့ တောင်-အရှေ့ တောင်ဘက် ရေမိုင် ၃၁၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။ ဒီနေ့မြန်မာစံတော်ချိန် ၁၀ နာရီခွဲ တိုင်းထားချက်အရ မုန်တိုင်းငယ်ဟာ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိသေးတာကြောင့် အဝါရောင်အဆင့် သတ်မှတ်ထားပါတယ်။ မုန်တိုင်းငယ်ဟာ မြန်မာစံတော်ချိန် ၁၀:၃၀ နာရီ အချိန်က မြောက်လတ္တီကျု ၉.၃ ဒီဂရီနဲ့ အရှေ့လောင်ဂျီကျု ၈၄.၅ ဒီဂရီမှာရှိပြီး ဗဟိုချက်လေဖိအား ၁၀၀၄ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေ တိုက်နှုန်းမှာ တစ်နာရီ မိုင် ၃၀ နှုန်း ဖြစ်ပါတယ်။ အဆိုပါ မုန်တိုင်းငယ်ဟာ နောက် ၁၂ နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်အဖြစ်လည်ကောင်း၊ နောက် ၂၄ နာရီအတွင်း ဆိုင်ကလုန်း မုန်တိုင်းအဖြစ် လည်ကောင်း ရောက်ရှိနိုင်ပြီး အနောက် မြောက်ဘက်ကို ရွေ့လျားကာ၊ နိုဝင်ဘာ ၂၅ ရက်နေ့ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး ကမ်းခြေနဲ့ ပူဒူချယ်ရီ ကမ်းခြေအနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။ နိုဝင်ဘာ ၂၄ ရက်မနက်အထိခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ်ထစ်ချုန်း ရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါတယ်။ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ချင်း၊ ရခိုင်နဲ့ ကယားပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ အများအားဖြင့်သာယာမယ်လို့ ဆိုပါတယ်။ မြန်မာ့ပင်လယ်ပြင်အခြေအနေကတော့ လှိုင်းအသင့်အတင့်ရှိပြီး လှိုင်းအမြင့်က မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ ၄ ပေမှ ၇ ပေခန့် ရှိနိုင်ပါတယ်။ နောက်  ၂ ရက်အတွင်းမှာလည်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်နဲ့ ကယားပြည်နယ်တို့မှာ ညအပူချိန်များ အနည်းငယ်တိုးလာနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
1 year Ago
Up