မုန်တိုင်းကြောင့် ဧရာဝတီတိုင်းတွင် ခရီးသည်တင်ရေယာဉ်အားလုံး ညဘက်ထွက်ခွာခွင့်ပိတ်ပင်

November 8, 2019

မုန်တိုင်းကြောင့် ဧရာဝတီတိုင်းတွင် ခရီးသည်တင်ရေယာဉ်အားလုံး ညဘက်ထွက်ခွာခွင့်ပိတ်ပင် 

အားအလွန်‌ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ဘာဘ်ဘယ်"(BULBUL)ကြောင့် ‌ဧရာဝတီတိုင်း ဒေသကြီးအတွင်း ကမ်းနီးကမ်းဝေးနဲ့ ခရီးသည်တင်ရေယာဉ်အားလုံးကို ညဘက်ထွက်ခွာခွင့် အာဏာပိုင်တွေက ပိတ်ထားလိုက်ပါတယ်။ ရေယာဉ်တွေအန္တရာယ်ကင်းစေဖို့အတွက် ခရီးသည်ရေယာဉ်အားလုံးကို ညဘက်ထွက်ခွာခွင့် ပိတ်ထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်လမ်းပန်းဝန်ကြီး ဦးဝင်းဌေးက ဒီဗွီဘီကို ပြောပါတယ်။ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းဟာ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်ကို ရောက်ရှိနေပြီး မြန်မာနိုင်ငံကို ဦးတည်ရွေ့ရှားမှုမရှိတာကြောင့် အဝါရောင်အဆင့် သတ်မှတ်ထားပါတယ်။ မုန်တိုင်းအရှိန်ကြောင့်မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ မကြာခဏ မိုးသက်လေပြင်း‌တွေကျရောက်ပြီး လှိုင်းကြီးရာကနေ လှိုင်းအလွန်ကြီးနိုင်တယ်လို့ မိုးဇလက သတိပေးထားပါတယ်။ မိုးသက်လေပြင်းကျစဉ်  ရေပြင်/မြေပြင်လေဟာ တနာရီကို ၅၅ မိုင်ကနေ မိုင် ၆၀ အထိ တိုက်ခတ်နိုင်ကြောင်းနဲ့ လှိုင်းအမြင့်ဟာ ၁၀ ပေကနေ ၁၅ ပေ လောက်ရှိနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ- DMH
2 years Ago
Up