မုန်တိုင်းကြား ရေထဲနစ်မြုပ်တော့မည့် ကားတွင်းမှ သားအမိ ၂ ဦးကို ကယ်တင်

A d v e r t i s e m e n t With Us

October 11, 2016

မုန်တိုင်းကြား ရေထဲနစ်မြုပ်တော့မည့် ကားတွင်းမှ သားအမိ ၂ ဦးကို ကယ်တင် (ရုပ်သံ)

အမေရိကန်နိုင်ငံ၊ မြောက်ကာရိုလိုင်းနားပြည်နယ်မှာ မက်သရူး ဟာရီကိန်းမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အိမ်ရာအဆောက်အအုံတွေ၊ ကားတွေထဲမှာ လူထောင်ပေါင်းများစွာ ပိတ်မိနေခဲ့ကြပါတယ်။ အဲဒီထဲမှာ ရေစီးထဲက နစ်မြုပ်လုဆဲဆဲ ကားတစီးထဲ ပိတ်မိနေတဲ့ ကလေးငယ်နဲ့ မိခင်ဖြစ်သူတို့လည်း ပါဝင်နေခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဆိုပါအမျိုးသမီးနဲ့ ကလေးငယ်ဟာ ရေပတ်လည်ဝိုင်းနေတဲ့ ကားရဲ့ အမိုးပေါ်တက်ကာ အကူအညီ တောင်းခဲ့ကြတာကို တွေ့ရပါတယ်။ ခုလို ကယ်ဆယ်ရေးလုပ်ကြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကိုတော့ ဖေးရက်တ်ဗေးလ်ရဲဌာနမှ ရိုက်ကူးခဲ့တာလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ အောက်တိုဘာ ၁၀ ရက်နေ့က ဖော်ပြပါတယ်။ အနီရောင်ကုတ်အင်္ကျီဝတ်ထားတဲ့ အမျိုးသမီးဟာ ကလေးငယ်ကို ရင်ဘတ်မှာ တင်းတင်းကျပ်ကျပ် ပွေ့ထားကာ အဖြုရောင်ကားအမိုးပေါ်မှာ ရပ်နေခဲ့တာကို တွေ့ရပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာ စစ်တပ်သုံး ကယ်ဆယ်ရေးယာဉ်တစီးကို အသုံးပြုခဲ့ရပြီး ရေထဲနစ်မြုပ်တော့မယ့်ဆဲဆဲကားဆီ ချဉ်းကပ်ကာ သားအမိ ၂ ဦးလုံးကို ကယ်တင်နိုင်ဖို့ ကြိုးစားခဲ့ကြရတာပါ။ နစ်မြုပ်တော့မယ့်ကားဆီ ရောက်လုရောက်ခင်မှာ ရဲတွေက “ကိုင်ထားပါ။ ငါတို့လာနေပြီ။ အနားကို မရောက်မချင်း ကိုင်ထားတာကို မလွှတ်လိုက်နဲ့” လို့ အော်ပြောခဲ့ကြတာကို တွေ့ရပါတယ်။ အဲဒီနောက်မှာ ကယ်ဆယ်ရေးသမားတွေဟာ အမျိုးသမီးဆီက ကလေးကို ဦးစွာ လွှဲပြောင်းယူခဲ့ပြီးမှ အမျိုးသမီးကို ကယ်တင်နိုင်ခဲ့တာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ရဲတွေက အောက်တိုဘာ ၈ ရက်နေ့မှာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာမှတဆင့် မျှဝေခဲ့ပြီးနောက်မှာတော့ ဒီကာလအတွင်း ဖြစ်နိုင်သမျှ အိမ်အတွင်း နေထိုင်ကြဖို့ သတိပေးသလို ဖြစ်ခဲ့ပါတယ်။ ဒီမုန်တိုင်းကြောင့် အမေရိကန်နိုင်ငံမှာ အနည်းဆုံး လူ ၁၈ ဦး သေဆုံးပြီး အဲဒီဦးရေထဲက တ၀က်ဟာ မြောက်ကာရိုလိုင်းနားပြည်နယ်မှ ဖြစ်တယ်လို့ ဆိုပါတယ်။ အများစုကတော့ ရေကြီးရေလျှံချိန် နစ်မြုပ်သေဆုံးခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်မှာလည်း မက်သရူး ဟာရီကိန်း ဟေတီနိုင်ငံကို ၀င်ရောက်ခဲ့လို့ လူပေါင်း ၅၀၀ ကျော် သေဆုံးသွားခဲ့တာပါ။ အမေရိကန်သမ္မတ ဘာရက်ဒ်အိုဘားမားကတော့ “လူတွေ ထိခိုက်တယ်။ ကျနော်တို့ စိုးရိမ်သလို တိုက်ရိုက်မုန်တိုင်းမတိုက်ခဲ့ပေမယ့် အပျက်အစီးတွေတော့ ကျန်နေခဲ့တယ်။ အသက်တွေ ဆုံးရှုံးကြတယ်။ စည်းစိမ်ဥစ္စာတွေလည်း ပျက်စီးရတယ်” လို့ ရန်ပုံငွေမြှင့်တင်ပွဲတခုမှာ ပြောပါတယ်။
4 years Ago
Up