မုတ်သုံမိုး

A d v e r t i s e m e n t With Us

July 17, 2019

ဘင်္ဂလားဒေ့ရှ်တွင် မုတ်သုံမိုးကြောင့် မြစ်ချောင်းများရေလျှံ၊ ကျေးရွာများတွင် ရေကြီး

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အားကောင်းတဲ့ မုန်သုံမိုးကြောင့် ဒေသတွင်း မြစ်ချောင်းတွေ ရေလျှံနေပြီး နိုင်ငံမြောက်ပိုင်း ဂိုင်ဘန်ဒါခရိုင်က ရွာတွေမှာ ဇူလိုင် ၁၅ ရက်နေ့က ရေကြီးနေပါတယ်။ ဟိမဝန္တာတောင်မှာ မြစ်ဖျားခံပြီး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ဖြတ်သန်းစီးဆင်းတဲ့ ဗြဟ္မပုတ္တရမြစ်ရေဟာ ခရိုင်နားမှာ စိုးရိမ်ရေမှတ်အထက် ၁၁၂ စင်တီမီတာမှာ ရှိနေလို့ ရွာပေါင်း ၁၃၅ ရွာ ရေဘေးသင့်နေပါတယ်။ ဆေးကုအဖွဲ့တွေ၊ လုပ်အားပေးတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ရေဘေးသင့် ဒေသတွေမှာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေပါတယ်။ ဒေသခံတွေက သူတို့ပိုင်ဆိုင်မှုတွေ မွေးမြူရေး တိရစ္ဆာန်တွေနဲ့ အိမ်တွေကို ရေဘေးလွတ်အောင် ကာကွယ်နေကြပါတယ်။ မုတ်သုံမိုးကြောင့် တောင်အာရှ ဒေသတလွှား ရေကြီးနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁ သိန်း ၉ သောင်း အပါအဝင် လူအယောက် ၄ သန်းကျော် အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရတယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။
2 years Ago

July 15, 2019

အိန္ဒိယတွင် ရေဘေးသင့် လူ ၁ သန်းကျော် ဘေးလွတ်ရာရွှေ့၊ ၁၀ ဦး သေဆုံး

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ မုတ်သုံမိုး အကြီးအကျယ် ရွာသွန်းလို့ လူအယောက် ၁ သန်းကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။ ၇၂ နာရီအတွင်း ရုတ်တရက် ရေကြီးမှုကြောင့် ဇူလိုင် ၁၃ ရက်နေ့ထိ သေဆုံးသူ ၁၀ ယောက်ရှိတယ်လို့ ပြည်နယ် အာဏာပိုင်တွေက ပြောပါတယ်။ လာမယ့်နေ့တွေမှာ အခြေအနေ ပိုဆိုးနိုင်တယ်လို့လည်း သတိပေးပါတယ်။ ဟိမဝန္တာတောင်ကနေ မြစ်ဖျားခံ စီးဆင်းတဲ့ ဗြဟ္မပုတ္တရမြစ်ရေဟာ ကမ်းပါးတွေကို ချိုးဖောက် စီးဆင်းခဲ့လို့ ရွာပေါင်း ၁၈၀၀ ကျော် ရေဘေးသင့်ခဲ့တာပါ။ အာသံပြည်နယ်ရဲ့ ခရိုင် ၃၂ ခုထဲက ၂၅ ခုထက်မနည်း ရေဘေးသင့်နေပါတယ်။ အိန္ဒိယရဲ့ အကြီးဆုံးမြစ်တွေထဲက တခုဖြစ်တဲ့ ဗြဟ္မပုတ္တရ မြစ်ရေဟာလည်း အန္တရာယ်ရှိတဲ့ ရေမှတ်ရဲ့ အထက် ၁၆ စင်တီမီတာထိ ကျော်လွန်နေပါတယ်။ ရေမျက်နှာပြင် ဆက်ပြီး မြင့်တက်နိုင်တယ်လို့ ဗဟိုရေကော်မရှင်က ပြောပါတယ်။ အာသံပြည်နယ်နဲ့ အိမ်နီးချင်း ဘီဟာပြည်နယ်တွေအတွင်း လူအယောက် ၇၅၀ ကို ကယ်ခဲ့တယ်လို့ ပြည်ထောင်စုအစိုးရက ပြောပေမယ့် ဒေသခံတွေကတော့ ဘာအကူအညီမှ မရဘူးလို့ ပြောပါတယ်။ ဘီဟာပြည်နယ်ထဲက ကိုစီမြစ်ဟာလည်း စိုးရိမ်ရေမှတ်ရဲ့ အထက်ကို ကျော်လွန် ရောက်ရှိနေတာပါ။ အာသံပြည်နယ်ဟာ ရေလွှမ်းမိုးမှုဘေးကို နှစ်တိုင်းခံနေရတာပါ။ နှစ်စဉ် လူထောင်သောင်းချီပြီး ဘေးလွတ်ရာ ရွှေ့ပေးနေရသလို ရေဘေးကြောင့် လူဒါဇင်နဲ့ချီပြီး နှစ်စဉ် သေဆုံးနေပါတယ်။
2 years Ago
Up