မီးရှို့လူသတ်

June 16, 2018

မြိတ်တွင် မီးရှို့လူသတ် ထွက်ပြေးနေသူကို ရဲက ဖမ်းမိပြီ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ ဇွန် ၁၀ ရက်နေ့က မီးရှို့လူသတ်ပြီး ထွက်ပြေးသွားသူကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ပါတယ်။ တနင်္သာရီမြို့နယ်၊ မရင်းကြီးကျေးရွာ၊ ဥယျာဉ်တခုအတွင်းရှိ လူသူမနေတဲ့ တဲတခုအတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ သက်ဆိုင်ရာရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဇွန် ၁၀ ရက်နေ့က မြိတ်မြို့၊ ရေပုန်းနယ်မြေ၊ အောင်ချမ်းသာရပ်ကွက်ရှိ နေအိမ်တခုမှာ တီဗွီထိုင်ကြည့်နေတဲ့ ဒေါ်အေးသိမ်နဲ့ သားဖြစ်သူ မောင်စိုးနိုင်အား ဖြိုးနိုင်ဝင်းဆိုသူက ဓာတ်ဆီလောင်းမီးရှို့ခဲ့တာဖြစ်ပြီး ဒေါ်အေးသိမ်မှာ မီးလောင်ဒဏ်ရာတွေနဲ့ ဇွန်လ ၁၁ ရက်နေ့က သေဆုံးသွားပါတယ်။ မီးရှို့ခံရတဲ့ မောင်စိုးနိုင်ဟာလည်း မြိတ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး အခြေနေ စိုးရိမ်ရတယ်လို့ တာဝန်ကျ ဆရာဝန်တဦးက ပြောပါတယ်။ မီးရှို့လူသတ်ကာထွက်ပြေးနေသူ ဖြိုးနိုင်ဝင်း (ခ) သားကြီးကို ဇွန်လ ၁၅ ရက်နေ့မှာ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးနိုင်ခဲ့တာလို့  မြိတ်မြို့မရဲစခန်းမှူး ဒုရဲမှူးချိုလွင်က ပြောပါတယ်။ "မီးရှို့လူသတ်ပြီး ထွက်ပြေးနေတဲ့ ဖြိုးနိုင်ဝင်းကို တကူကျေးရွာနဲ့ တနင်္သာရီမြို့နယ်ကြားက မရင်းကြီးကျေးရွာအနီးမှာရှိတဲ့ ဥယျာဉ်တခုထဲမှာ ဖမ်းမိတာပါ။ ခရိုင်ရဲတပ်ဖွဲ့မှူးရဲ့ အနီးကပ်ကွပ်ကဲမှုနဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း လူသတ်ပြီးထွက်ပြေးနေတဲ့သူကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေခဲ့တာပါ။ ပြစ်မှုကျူးလွန်တဲ့သူက လူမနေတဲ့ တဲအတွင်းမှာ ပုန်းအောင်းနေတယ်၊ တနင်္သာရီ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် စိုင်းညီညီဇော် ဦးဆောင်တဲ့အဖွဲ့ သွားရောက်ဖမ်းဆီးခဲ့တာပါ။ ပြစ်မှုကျူးတဲ့သူမှာ မီးလောင်ဒဏ်ရာတွေ ရရှိထားလို့ အခုမြိတ်ဆေးရုံက အချုပ်ဆောင်မှာ ဆေးကုပေးထားပါတယ်။" ဖြိုးနိုင်ဝင်းကို မြိတ်မြို့မရဲစခန်းက ( ပ )၈၉၈/ ၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ ၄၅၂/ ၃၂၆/ ၃၀၂ နဲ့ အမှုဖွင့်ထားပြီး ပြစ်မှုကျူးလွန်သူကို လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ မြတ်ထွဋ် ( မြိတ် )
3 years Ago
Up