ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းက ဂျုံနဲ့ ကောက်ပဲသီးနှံ ဧကထောင်ချီကို တိုက်ခိုက်ရေးသမားတွေက မီးရှို့ခဲ့တယ်လို့ ကုလသမဂ္ဂက ဇွန် ၄ ရက်မှာ ပြောပါတယ်။
စားနပ်ရိက္ခာ ဖြန့်ဖြူးမှုကို စစ်လက်နက်အဖြစ် အသုံးချရင်း ထောင်သောင်းချီတဲ့ အရပ်သားတွေ ထွက်ပြေးအောင် ဖိအားပေးတဲ့ လှုပ်ရှားမှုလို့လည်း ကုလသမဂ္ဂက ပြောပါတယ်။
ဒေသတွင်းမှာ လယ်ကွင်းတွေ၊ သစ်သီးခြံတွေနဲ့ သံလွင်စိုက်ခင်းတွေ မီးလောင်နေပုံ ဂြိုဟ်တုဓာတ်ပုံတွေကိုလည်း လှုပ်ရှားသူတွေက အရင်သီတင်းပတ်မှာ ဖြန့်ချိခဲ့ကြပါတယ်။
အဲဒီဒေသအတွင်း သူပုန်တွေရဲ့ နောက်ဆုံး အကြီးစားခြေကုပ်စခန်းကို ရုရှားက ကျောထောက်နောက်ခံ ပေးထားတဲ့ ဆီးရီးယားစစ်တပ်က ထိုးစစ်ဆင်နေခဲ့တာပါ။
အဖျက်လုပ်ရပ်အတွက် တိုက်ပွဲဝင်နေတဲ့ နှစ်ဖက်စလုံးက အပြန်အလှန် ပြစ်တင်ခဲ့ကြတယ်လို့ ကုလရဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ပြောပါတယ်။
"ဘာလီ၊ ဂျုံနဲ့ ဟင်းသီးဟင်းရွက်တွေ ပျက်စီးကုန်တယ်၊ လယ်မြေတွေနဲ့ စိုက်ပျိုးရေးကဏ္ဍကို ဖျက်ဆီးတာကို လက်မခံနိုင်ဘူး" လို့ WFP ပြောခွင့်ရ ဟာဗေ ဗာဟူးဆယ်က ပြောပါတယ်။
နယ်မြေပိုင်နက်ကို ထိန်းချုပ်နိုင်ရေး စစ်ဖြစ်နေတဲ့ နှစ်ဖက်လုံးက ကြိုးစားနေလို့ လယ်သမားတွေဟာ သူတို့ရဲ့ လယ်မြေတွေဆီကို မသွားနိုင်သလို ကျန်နေတဲ့ ကောက်ပဲသီးနှံတွေကိုလည်း မရိတ်နိုင်ကြဘူးလို့ သူက ဆက်ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ရုရှားနဲ့ ဆီးရီးယား အစိုးရတပ်တွေ အိဒ်လစ်ဘ်မြို့ကို ဗုံးကြဲတာ ရပ်ဖို့ ဇွန်လ ၁ ရက်က တိုက်တွန်းပါတယ်။
ဆီးရီးယားအစိုးရရဲ့ တလကြာထိုးစစ်ကို ရုရှားက ဆက်ပြီး ကျောထောက်နောက်ခံ ပေးမယ်လို့ ရုရှားအစိုးရက အချက်ပြပြီး နောက်နေ့မှာ ထရမ့်က တိုက်တွန်းခဲ့တာပါ။
မီးရှို့မှုကြောင့် ဆီးရီးယားရဲ့ လက်ရှိ ကောက်ပဲသီးနှံစိုက်ခင်း ၅ ရာခိုင်နှုန်းလောက် ထိခိုက်ခဲ့တယ်လို့ WFP က ပြောပါတယ်။
4 years Ago