မီးပြတ်

March 27, 2019

ဗင်နီဇွဲလား ရေအားလျှပ်စစ်စက်ရုံ နှောင့်ယှက်ခံရမှုကြောင့် ဒေသအတော်များများ မီးပြတ်

ဗင်နီဇွဲလားနိုင်ငံရဲ့ အဓိက ရေအားလျှပ်စစ်စက်ရုံ ဂူရီဟာ နောက်တကြိမ် တမင်နှောင့်ယှက်ခံရတာကြောင့် မတ်လ ၂၅ ရက်နေ့က နိုင်ငံရဲ့ ဒေသတော်တော်များများမှာ မီးပြတ်နေခဲ့ပါတယ်။ အာဏာပိုင်တွေအနေနဲ့ လျှပ်စစ်မီး မြန်မြန်ပြန်ရဖို့ ဆောင်ရွက်နေတယ်လို့ ဗင်နီဇွဲလား လူမှုဆက်ဆံရေးဝန်ကြီး ဟိုဟေး ရော်ဒီရီဂူက ပြောပါတယ်။ ဒါပေမယ့် မြို့တော် ကာရာကတ်စ်မှာ မီးပွိုင့်မီးတွေ အလုပ်မလုပ်တာကြောင့် ဆိုးဆိုးရွားရွား ယာဉ်ကြောပိတ်ဆို့နေပြီး မြေအောက်ရထားစနစ်တွေကိုလည်း ယာယီရပ်နားထားရပါတယ်။ အခုလ အစောပိုင်းက တနိုင်ငံလုံးနီးပါး ၅ ရက်ဆက်တိုက် အမှောင်ကျနေခဲ့တဲ့ ဗင်နီဇွဲလားဟာ အဆိုးရွားဆုံး မီးပြတ်တဲ့ ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဗင်နီဇွဲလား တနိုင်ငံလုံး လျှပ်စစ်သုံးစွဲမှုရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ရေအားလျှပ်စစ် စက်ရုံတွေက ထုတ်လွှတ် ဖြန့်ဖြူးပေးနေတာပါ။ အခုလို ဂူရီ ရေအားလျှပ်စစ်စက်ရုံ တိုက်ခိုက်ခံရတာဟာ လက်ရှိအစိုးရကို အားလျော့အောင် ကြိုးစားနေကြတဲ့ လက်ယာဝါဒီ အစွန်းရောက်တွေရဲ့ လက်ချက်လို့ တာဝန်ရှိသူတွေက အပြစ်တင်ခဲ့ကြပါတယ်။
3 years Ago

June 13, 2017

ရန်ကုန် မြို့နယ်တချို့တွင် နာရီ ၃၀ ကြာမီးပျက်မည်၊ နားလည်ခွင့်လွှတ်ပေးရန်ပန်ကြား

  ရန်ကုန်က မြို့နယ်တစ်ချို့မှာ လာမယ့် ဇွန်လ ၁၇ ရက်နေ့ကစပြီး နာရီ ၃၀ ကြား လျှပ်စစ်ဓာတ်အား ပြတ်တောက်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက အသိပေးထားပါတယ်။ လှိုင်သာယာ-ဘုရင့်နောင်ဓာတ်အားလိုင်းနဲ့ လှိုင်သာယာ (ကနောင်) ဓာတ်အားခွဲရုံ အဝင် အထွက်လိုင်းတွေ ဆက်သွယ်ဖို့အတွက် ဓာတ်အားပိတ်ဖို့လိုတာကြောင့် ဇွန်လ ၁၇ ရက် မွန်းတည့် ၁၂ နာရီကနေ ဇွန်လ ၁၈ ရက် ညနေ ၆ နာရီအထိ နာရီ ၃၀ လျှပ်စစ်ဓာတ်အား ပြတ်တောက်မယ်လို့ ဆိုပါတယ်။ ဒါကြောင့် လှိုင်သာယာမြို့နယ် အမှတ် ၅၃၆ခြေမြန်တပ်ရင်း၊ စက်မှုဇုန် ၁၊ ၆၊ စက်မှုဇုန် ၂ ရဲ့ တချို့နေရာတွေနဲ့ ၂၊ ၃ ၊ ၅၊ ၉၊ ၈၊ ၁၂၊ ၁၃၊ ၁၄ ရပ်ကွက်တွေ၊ ကျန်စစ်သားအိမ်ရာ၊ အောင်ဇေယျအိမ်ရာ၊ ရွှေဘုံသာအိမ်ရာ၊ ရှမ်းချောင်း၊ ဒိုင်စု၊ ညောင်ရွာ၊ အတွင်းပဒံ၊ အပြင်အဒံကျေးရွာတွေ ဓာတ်အားပြတ်တောက်မယ့်အထဲပါဝင်ပါတယ်။ ဒါ့အပြင် ကမာရွတ်မြို့နယ် ၁၇၊ ၁၈၊ ၁၉၊ ၂၀ ရပ်ကွက်တွေ၊ လှိုင်မြို့နယ် ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅၊ ၁၆ ရပ်ကွက်တွေ၊ စမ်းချောင်းမြို့နယ် မြေနီကုန်း တောင်၊ မြောက်၊ မုန့်လက်ဆောင်းကုန်း တောင်၊ မြောက်ရပ်ကွက်၊ ဝေဠုဝန် တောင် ရပ်ကွက်၊ ကျွန်းတော တောင်၊ လယ်၊ မြောက် ရပ်ကွက်နဲ့ ကြည့်မြင်တိုင်တစ်ဖက်ကမ်းက ရပ်ကွက်တွေ၊ တွံတေးမြို့နယ်၊ ဒလမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကော့မှူးမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်မှာလည်း  ဓာတ်အား ပြတ်တောက်မှာ ဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အား ပိုမိုပြည့်ဝစွာရရှိရေးအတွက် မဖြစ်မနေဆောင်ရွက်ရတဲ့ လုပ်ငန်းဖြစ်လို့ လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်တဲ့အတွက် လူမှုအခက်အခဲတွေ ဖြစ်နိုင်တဲ့အပေါ် နားလည်ခွင့်လွှတ်ပေးဖို့ အသိပေးပန်ကြားတယ်လို့လည်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရဲ့ ပန်ကြားလွှာမှာ ဖော်ပြထားပါတယ်။
4 years Ago
Up