မီးလောင်သေဆုံး

December 21, 2017

လယ်ကွက်များမီးရှို့ရာမှာ အမျိုးသားတဦး မီးလောင်သေဆုံး

တိုက်ကြီးမြို့နယ်၊ ဥက္ကံကုန်းကျေးရွာမှာ ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်းက လယ်ကွက်တွေမီးရှို့ရာမှ မီးငြိမ်းသတ်တဲ့ အမျိုးသားတဦး မီးလောင်သေဆုံးခဲ့တယ်လို့ ဥက္ကံနယ်မြေရဲစခန်း အမူစစ်ဒုရဲအုပ် နေသူရှိန်မင်းက ပြောပါတယ်။ “သူ့လယ်တွေထဲ့က ရိုးပြတ်တွေကို နွေစပါးစိုက်ပျိုးဖို့ မီးရှို့ချိန် ဘေးနားမှာရှိတဲ့ ကောက်ရိုးပုံကို မီးကူးစက်လောင်ကျွမ်းတာပါ။ သူကကောက်ရိုးပုံ မီးလောင်မှာစိုးပြီး မီးဝင်သတ်တာ။ အဲဒီအချိန်သူက ကောက်ရိုးပုံနဲ့ ရိုးပြတ်ကြားရောက်သွားပြီး မီးလောင်သေဆုံးခဲ့တာပါ။ အသက်ကလည်းကြီးပြီ၊ မီးခိုးကလည်းမွှန်၊ သူ့ကိုပါမီးစွဲလောင်တော့ မပြေးနိုင်တာဖြစ်ပြီး မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာပါ” လို့ ပြောပါတယ်။ သေဆုံးသူမှာ ဥက္ကံကံကုန်းကျေးရွာနေ ဦးသိန်းအောင် (၇၇)နှစ် ဆိုသူဖြစ်ပြီး မီးအားပေါ့ဆစွာအသုံးပြုခဲ့မူကြောင့် မိမိခန္ဓာကိုယ်ကို မီးကူးစက်လောင်ကျွမ်းပြီး သေဆုံးအောင်ပြုလုပ်ခဲ့လို့ ဥက္ကံနယ်မြေရဲစခန်း ဒုရဲအုပ်နေသူရှိန်မင်းက တရားလိုပြုလုပ်ပြီး အမူဖွင့်အရေးယူထားပါတယ်။
4 years Ago

April 2, 2017

ဥယျာဉ်ခြံ မီးရှို့ရာမှာ အဘိုးအိုတဦး မီးလောင်သေဆုံး

ပဲခူးတိုင်းဒေသကြီး က၀မြို့နယ် အေးရွာသစ်ကျေးရွာမှာ ဧပြီ ၁ ရက်နေ့ မနက်က ဦးယျာဉ်ခြံအတွင်း မီးရှို့ရာမှ အဘိုးအိုတဦး မီးလောင်ကျွမ်း သေဆုံးခဲ့ပါတယ်။ ဖြစ်စဉ်မှာ က၀မြို့နယ် အေးရွာသစ်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၆၈ နှစ်အရွယ်ရှိ ဦးလှမြင့်ဟာ ဧပြီလ ၁ ရက်နေ့ မနက် စောစောက ဖလေးကျေးရွာအတွင်းရှိ သူရဲ့ဥယျာဉ်ခြံအတွင်း မီးသွားရှို့လိုက်ဦးမယ်လို့ ဇနီးဖြစ်သူ ဒေါ်ခင်ညိုကို ပြောဆိုပြီး ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။ မနက် ၁၀ နာရီလောက်မှာ ဇနီးဖြစ်သူက ထမင်းချိုင့်လိုက်ပို့ရာ ခြံအတွင်း မီးခိုးတွေထွက်ပြီး မီးလောင်ကျွမ်းနေတာကို တွေ့ရတဲ့အတွက် ပတ်ဝန်းကျင်ကို အော်ဟစ်အကူညီတောင်းရာ ခြံအနီး နေထိုင်တဲ့ လူ ၂၀ လောက်အပါဝင် က၀မြို့မီးသက်တပ်ဖွဲ့တွေ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ကြလို့ မနက် ၁၁ နာရီလောက်မှာ မီးငြိမ်းသွားခဲ့တယ်လို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။ အဲဒီနောက် တာဝန်ရှိသူတွေနဲ့ ရွာသူ/ရွာသားတွေ ပူးပေါင်းပြီး မီးလောင်ကျွမ်းတဲ့ နေရာကို လိုက်လံကြည့်ရှုရာ ဦးလှမြင့်ကို မီးလောင်ကျွမ်းသေဆုံးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ အလောင်းကို က၀မြို့နယ် ပြည်သူ့ဆေးရုံပို့ဆောင်ပြီး က၀မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၂/၂၀၁၇ နဲ့ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရပါတယ်။ အောင်စိုးမိုး
5 years Ago
Up