မီးလောင်ပေါက်ကွဲ

A d v e r t i s e m e n t With Us

August 7, 2018

အီတလီတွင် ကုန်တင်ကားနှင့် ထရပ်ကားတိုက်မိပြီး မီးလောင်ပေါက်ကွဲ၊ ၂ ဦးသေဆုံး (ရုပ်သံ)

အီတလီနိုင်ငံ ဘိုလော့နာမြို့မှာ မီးလောင်စေတတ်တဲ့ ပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုန်တင်ကားတစီးနဲ့ ထရပ်ကားတို့ တိုက်မိခဲ့တာကြောင့် လူ ၂ ဦးသေဆုံးပြီး ၆၇ ဦး ဒဏ်ရာရတယ်လို့ အီတလီရဲတပ်ဖွဲ့ ပြောခွင့်ရက စီအန်အန်သတင်းဌာနကို ပြောပါတယ်။ လူ ၅၅ ဦးကိုတော့ ပထမ၊ ဒုတိယနဲ့ တတိယအဆင့် မီးလောင်ဒဏ်ရာတွေကြောင့် ဆေးရုံတင်ပို့ထားရတယ်လို့ ဒေသန္တရ ကျန်းမာရေးဌာနက ပြောပါတယ်။ သြဂုတ် ၆ ရက်နေ့က ဘိုလော့နာမြို့ပြင် အဝေးပြေးလမ်းမပေါ်မှာ မီးလောင်စေတတ်တဲ့ ကုန်ပစ္စည်းတွေ တင်လာတဲ့ ကုန်တင်ကားက ရပ်ထားတဲ့ ထရပ်ကားကို တိုက်မိခဲ့ပြီး မီးလောင်ခဲ့တာပါ။ ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ဗွီဒီယိုဖိုင်အရ လမ်းပိတ်ရပ်ထားတဲ့ ထရပ်ကားကို မီးလောင်စေတတ်တဲ့ ကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုန်တင်ကားက နောက်ကနေ ဝင်တိုက်မိခဲ့ပြီး ထရပ်ကား မီးလောင်ပေါက်ကွဲခဲ့ပါတယ်။ ဒါ့အပြင် ကုန်ကားရဲ့ နောက်ပိုင်းကို ထရပ်ကားတစီးက ထပ်ဝင်တိုက်ခဲ့ပြီး နောက်ထပ် ပေါက်ကွဲခဲ့ပါတယ်။ ဒီမီးလောင်ပေါက်ကွဲမှုကြောင့် အနီးမှာရှိတဲ့ တံတားတစင်းလည်း တစိတ်တပိုင်း ပျက်စီးခဲ့တယ်လို့ အီတလီမီးသတ်တပ်ဖွဲ့ရဲ့ တွစ်တာစာမျက်နှာမှာ ဖော်ပြထားပါတယ်။
3 years Ago

April 22, 2018

တရုတ်တွင် အဆိပ်သင့်ဓာတုပစ္စည်းများ တင်လာသည့် ကုန်ကားတစီး မီးလောင်ပေါက်ကွဲ

အဆိပ်သင့် ဓာတုပစ္စည်းတွေတင်လာတဲ့ ကုန်ကားတစီးဟာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂံစုပြည်နယ် ထျန်းရွှေမြို့နဲ့ ကီလိုမီတာ ၂၀ အကွာအဝေး ပြေးလမ်းပေါ်မှာ နောက်ကားက ဝင်တိုက်တာခံရအပြီး ပေါက်ကွဲခဲ့ပါတယ်။ ဧပြီ ၂၁ ရက်နေ့ ညနေက ဒီဖြစ်ရပ်ကြောင့် လူတယောက် သေဆုံးပြီး တခြား ၂ ယောက် ဒဏ်ရာရ ပါတယ်။ တခြားကုန်ကားတစီးက ယာဉ်ကြောတခုတည်းက အတူတူ မောင်းလာရင်း နောက်ကနေ ဝင်တိုက်ခဲ့လို့ မီးအကြီးအကျယ် လောင်ခဲ့တာပါ။ ညနေ ၃ နာရီခွဲလောက်က စတင် မီးလောင် ပေါက်ကွဲခဲ့ရာက ည ၈ နာရီ မိနစ် ၂၀ မှာမှ မီးကို ငြှိမ်းသတ် နိုင်ခဲ့ပါတယ်။ ကုန်ကားပေါ်ပါလာတဲ့ ဖော့စ်ဖရပ်စ် ပန်တာဆာလ်ဖိုဒ် ၄၁ တန်ဟာ မီးလောင်အပြီး ဖော့စ်ဖိုရစ် အက်ဆစ်နဲ့ ဟိုက်ဒရိုဂျင် ဆာလ်ဖိုဒ် အဆိပ်ဓာတ်ငွေ့အဖြစ် ပြိုကွဲသွားခဲ့တာပါ။ ဒါကြောင့် မီးလောင်ပြင်နားက မြို့ပေါ်မှာ အဖြူရောင် မီးခိုး မြူထူတွေ ရစ်သိုင်း နေခဲ့ပါတယ်။ ဧပြီ ၂၂ ရက် မနက်ဆယ်နာရီခွဲမှာမှ မြို့တွင်းလေထု အရည်အသွေးဟာ ပုံမှန်အဆင့်ကို ပြန်ရောက်သွားတယ်လို့ မြို့ရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။ ဒီဖြစ်ရပ်ကို စုံစမ်း စစ်ဆေး နေဆဲပါ။
3 years Ago
Up