မီးလောင်နေသည့်ကားတွင်း ပိတ်မိနေသည့် အမျိုးသမီးကို ရဲအရာရှိ ကယ်တင်

A d v e r t i s e m e n t With Us

January 23, 2017

မီးလောင်နေသည့်ကားတွင်း ပိတ်မိနေသည့် အမျိုးသမီးကို ရဲအရာရှိ ကယ်တင် (ရုပ်သံ)

အမေရိကန်နိုင်ငံမှ ရဲအရာရှိတဦးဟာ မီးလောင်နေတဲ့ ကားတစီးတွင်းမှာ ပိတ်မိနေတဲ့ အမျိုးသမီးတဦးကို သက်စွန့်ဆံဖျား ကယ်တင်နိုင်ခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။ မီးလောင်နေတဲ့နေရာမှာ ကားအတွင်းပိတ်မိနေခဲ့တဲ့ ကင်မ်ဘာလေ နိုဗက်ခ်ဟာ အရေးပေါ်ခေါ်ဆိုတဲ့ နံပါတ် ၉၁၁ ကို ခေါ်ဆိုပြီး သူဟာ မီးလောင်နေတဲ့ ကားတစီးအတွင်းမှာ ပိတ်မိနေခဲ့ကြောင်း ရဲတွေကို အကူအညီတောင်းခဲ့တာပါ။ ဝါရှင်တန်ပြည်နယ်၊ စပေါ့ခ်ကဲန်မြို့မှာ ဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်မှာ ရဲအရာရှိ တင်မ် ရှဝါရင်းဟာ အခင်းဖြစ်တဲ့နေရာဆီကို အစောဆုံး ရောက်ရှိလာခဲ့တာဖြစ်ပြီး ခုလို ကယ်တင်ခဲ့ရတာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ မီးလောင်နေတဲ့အကြောင်း ရဲဌာနသတင်းချန်နယ်တွေက ထုတ်လွှင့်ပြသနေချိန်မှာ အမျိုးသမီးဟာ ကားတွင်းမှာ ပိတ်မိနေခဲ့ပြီး ကားပြတင်းမှန်တွေကို ရိုက်ခွဲဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ပြောပါတယ်။ ရဲအရာရှိ ရှဝါရင်း ရောက်ရှိချိန်မှာတော့ သူဟာ ကားမှန်ပြတင်းပေါက်ကို သူ့ရဲ့ လက်ကိုင်အချက်ပြတုတ်နဲ့ ရိုက်ချိုးဖျက်ဆီးခဲ့ပြီး ကားတွင်းဝင်ရောက်ကာ အမျိုးသမီးကို ဆွဲထုတ်ကယ်တင်ခဲ့တာပါ။ အဲဒီအခြေအနေမှာ မျက်မြင်ကြုံတွေ့ခဲ့တဲ့ အိမ်နီးချင်းတဦးကလည်း ပါဝင်ကူညီခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သိပ်မကြာခင် ကယ်ဆယ်ရေးအဖွဲ့ဝင် ၅ ဦး ထပ်မံရောက်ရှိလာခဲ့ကြချိန်မှာတော့ ကားရဲ့ စက်အင်ဂျင်ဟာ မီးလောင်နေခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဒေသတွင်းသတင်းဌာနတွေနဲ့ တွေ့ဆုံချိန်မှာတော့ နိုဗက်ခ်က သူ့အတွက် ဒီအချိန်မှာ တကယ့်အိပ်မက်ဆိုးကြီးလိုပဲလို့ ပြောလိုက်ပါတယ်။ သူဟာ ခရီးတခုကအပြန် စတိုးဆိုင်တခုဆီကို ရေခဲမုန့်ဝယ်ဖို့အသွား ရုတ်တရက် လမ်းပေါ်မှာ ကားရပ်သွားခဲ့ပြီး ဘာမှ ဆက်အလုပ်မလုပ်တော့တာလို့ ဆိုပါတယ်။ ကားရဲ့ရှေ့ပိုင်းက မီးခိုးတွေ ထွက်လာခဲ့ပြီးနောက် မီးတောက်မီးလျှံတွေပါ ထွက်လာခဲ့ချိန်မှာတော့ သူဟာ ကားတွင်းမှထွက်ဖို့ ကြိုးစားခဲ့ရပြီး ကားတံခါးသော့ဟာ အလုပ်မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။ ခုလို သူ့ရဲ့အသက်ကို ကယ်တင်ခဲ့တဲ့ ရဲအရာရှိကို ကျေးဇူးတင်တယ်လို့ နိုဗက်ခ်က ပြောပါတယ်။ လက်ရှိမှာတော့ မီးလောင်ကျွမ်းရတဲ့ အဖြစ်အပျက် အသေးစိတ်ကို မသိနိုင်သေးဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။ ရဲအရာရှိ ရှဝါရင်းကိုတော့ မီးခိုးမွှန်တဲ့ အခြေအနေ အနည်းငယ်ကြောင့် ဆေးရုံကို ပို့ဆောင်ခဲ့ပြီးနောက် ပြန်လွှတ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
4 years Ago
Up