မီးလောင်အိမ်တွင်း ပိတ်မိနေသည့် ခွေးကလေးများကို ကယ်ရန်ကြိုးစားသည့် အဖွားအို သေဆုံး

April 24, 2017

မီးလောင်အိမ်တွင်း ပိတ်မိနေသည့် ခွေးကလေးများကို ကယ်ရန်ကြိုးစားသည့် အဖွားအို သေဆုံး

ထိုင်းနိုင်ငံမှ အသက် ၇၇ နှစ်အရွယ် အဖွားအိုတဦးဟာ မီးလောင်နေတဲ့ သူ့ရဲ့အိမ်ထဲမှာ ပိတ်မိနေခဲ့တဲ့ ခွေးကလေးတွေကို ကယ်တင်ဖို့ ကြိုးစားရာမှ မီးလောင်သေဆုံးခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ဧပြီ ၂၃ ရက်နေ့က ဘန်ပလမ်မာခရိုင်၊ ဆူဖန်ဘူရီဒေသ၊ သက်ချင်မြစ်ကမ်းပါးအနီးက သူ့ရဲ့အိမ်မီးလောင်ရာမှ စတင်ဖြစ်ခဲ့တာလို့ ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။ အဲဒီနေ့မနက်ပိုင်းက အိမ်နီးချင်းတွေဟာ မီးလောင်နေတဲ့ အိမ်ထဲမှာ အကူအညီ တောင်းခံခဲ့တဲ့ အသက် ၇၇ နှစ်အရွယ် အဖွားအို ဖောင်ဆဝပ် ဝေါင်ဖန်ကို တွေ့ခဲ့ရပြီးနောက် ကယ်တင်ဖို့ ကြိုးစားခဲ့ကြပေမယ့် မီးလောင်ပြင်ထဲ ပိတ်မိနေခဲ့တဲ့ အဖွားအိုကို မတွေ့ခဲ့ကြဘူးလို့ ရဲတွေကို ပြောပါတယ်။ ကျွန်းတွေနဲ့ ၂ အိမ်တွဲ ထိုင်းရိုးရာပုံစံ ဆောက်ထားခဲ့တဲ့ အိမ်ဟာ အိမ်ဟောင်းတလုံးဖြစ်ပြီး မီးသတ်သမားတွေက မီးသတ်ကား ၅ စီးနဲ့ ငြှိမ်းသတ်ခဲ့တာဖြစ်ပေမယ့် အချိန်မီ မီးကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။ အဖွားအိုဟာ ရာဂျာဘတ်တက္ကသိုလ်မှ အငြိမ်းစားကထိကတဦးဖြစ်ကာ မီးငြှိမ်းသတ်ပြီးချိန်မှာတော့ သူ့ရဲ့အလောင်းလို့ ယူဆရတဲ့ ခန္ဓာကိုယ်တခုကို အိမ်ထဲမှာ တွေ့ခဲ့ရပါတယ်။ ခွေးကလေးတွေကတော့ အိမ်ရဲ့ ဒုတိယထပ် လှောင်အိမ်နောက်မှာ ပိတ်မိလျက်သား သေဆုံးနေခဲ့တာပါ။ အိမ်နီးချင်းတွေကတော့ အဖွားအိုဟာ အိမ်ထဲပိတ်မိနေတဲ့ ခွေးကလေးတွေကို ကယ်တင်နိုင်ဖို့ လာရောက်ခဲ့ပြီး အိမ်နီးချင်းတွေကို အော်ဟစ် အကူအညီတောင်းခဲ့တာ ဖြစ်မယ်လို့ ပြောပါတယ်။ ဒါပေမယ့် မီးလောင်ပြင်တွင်းမှာ မီးခိုးငွေ့တွေနဲ့ မွန်းကြပ်ကာ ပိတ်မိခဲ့ပြီးနောက် မီးလောင်သေဆုံးသွားခဲ့ရတာ ဖြစ်နိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up