မီးလောင်အိမ်

September 25, 2018

မီးလောင်အိမ်အတွင်း ပိတ်မိပြီး အသက် ၂၀ အရွယ် ထိုင်းတက္ကသိုလ်ကျောင်းသူ သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မီးလောင်နေတဲ့ နေအိမ်တွင်းမှာ ပိတ်မိပြီး အသက် ၂၀ အရွယ်ရှိတဲ့ တက္ကသိုလ်ကျောင်းသူတဦး သေဆုံးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ စက်တင်ဘာ ၂၄ ရက်နေ့က ဖာဟိုယိုထင်းလမ်းသွယ်ထဲက နေအိမ်မှာ ဖြစ်ခဲ့ကာ သေဆုံးသူ ကျောင်းသူကတော့ ထိုင်းစီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးတက္ကသိုလ်မှာ တက်ရောက်နေတဲ့ စီးပွားရေးအထူးပြုကျောင်းသူတဦး ဖြစ်ပါတယ်။ သူဟာ အဆိုပါ ဒုတိယထပ်တိုက်ခန်းမှာ အမေ၊ အဒေါ်ဖြစ်သူတို့နဲ့ နေထိုင်တာ ဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ချိန်မှာတော့ သူတဦးတည်းသာ ရှိနေခဲ့တာပါ။ အသက် ၇၁ နှစ်အရွယ် အဒေါ်ဖြစ်သူ န၀ါဖွန်က သူဟာ အိမ်ကနေ မနက်ခင်း ၈.၂၀ နာရီလောက်မှာ ထွက်သွားခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ တူမဖြစ်တဲ့ ပန်နီဒါဟာ အိပ် ပျော်ကျန်နေခဲ့တယ်လို့ ဆိုပါတယ်။ မနက်ခင်း ၉ နာရီလောက်မှာတော့ အိမ်နီးချင်းတဦးဆီက ဖုန်းဝင်လာခဲ့ပြီး အိမ် ခန်း မီးလောင်နေခဲ့တာကို သိခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီနောက် အခန်းဆီ အပြေးအလွှားပြန်သွားခဲ့ချိန်မှာ မီးသတ်သမားတွေက မီးငြိမ်းသတ်နိုင်ခဲ့ပြီဖြစ်ပေမယ့် တူမဖြစ်သူကိုတော့ ပြတင်းပေါက်အနီးမှာ သေဆုံးနေတာကို တွေ့ခဲ့ရတာပါ။ မိခင်ဖြစ်တဲ့ အသက် ၆၀ အရွယ် နာပါကတော့ ပန်နီဒါဟာ သူ့ရဲ့ တဦးတည်းသော သမီးဖြစ်တယ်လို့ ပြောလိုက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ အသက် ၂၀ ပြည့်မွေးနေ့အတွက် ရည်ရွယ်ပြီး ကောင်းမှုကုသိုလ်တွေ လုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ ထိုင်းနေအိမ်တွေမှာ မီးလောင်ကျွမ်းတဲ့ ဖြစ်စဉ်တွေရဲ့ အများစုဟာ နေအိမ်တွင်း ထွန်းညှိထားတဲ့ အမွှေးတိုင်မီးတွေကြောင့်ဖြစ်ရပြီး ခုလောင်ကျွမ်းမှုမှာတော့ ပန်နီဒါမှာ အနံ့နဲ့ ပတ်သက်ပြီး မခံနိုင်တဲ့အတွက် အိမ်မှာ ထွန်းလေ့မရှိဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။ လက်ရှိမှာတော့ ဘာကြောင့် မီးလောင်ကျွမ်းမှုဖြစ်ရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ အမ်မရင်ရုပ်သံသတင်းမှာ ဖော်ပြပါတယ်။
3 years Ago
Up