မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၄ လုံး ဆုံးရှုံး

April 7, 2018

မြိတ်မြို့တွင် မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၄ လုံး ဆုံးရှုံး

တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ငြိမ်းချမ်းရေးရပ်ကွက်မှာ ဧပြီ ၇ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့လို့ နေအိမ် ၄ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ရေပုန်းနယ်မြေ၊ ငြိမ်းချမ်းရေးရပ်ကွက်၊ စည်ပင်သာယာလမ်းရှိ ဒေါ်ကြည်သောင်းအိမ်ကနေ ဒီနေ့မနက်အစောပိုင်း ၄ နာရီ ၃၀ အချိန်က စတင် လောင်ကျွမ်းခဲ့တာလို့ မီးသတ်တာဝန်ရှိသူတဦးက ပြောပါတယ်။ မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုတော့ တာဝန်ရှိသူတွေက စစ်ဆေးနေဆဲဖြစ်ပါတယ်။ မီးစတင်လောင်ကျွမ်းခဲ့တဲ့ အိမ်ရှင် ဒေါ်ကြည်သောင်းက "ကျမဆွမ်းကပ်ဖို့ မနက်အစော ကြီး နိုးနေခဲ့တယ်၊ မီးက အိမ်အပြင်ကနေ လောင်ကျွမ်းနေတာပါ။ ကျမအနေနဲ့ မီးလောင်နေတာကို မသိရှိ လိုက်ဘူး။ အိမ်အနီးဝန်းကျင်က လူတွေ အော်ဟစ်သတိပေးမှ ကျမအိမ်မီးလောင်နေတာကို သိလိုက်တာပါ။ အဲဒီအချိန်မှ ကျမအိမ်ပေါ်ကနေ ဆင်းပြေးလာပြီး အိမ်ပြင်ထွက်ပြေးခဲ့ရတာပါ။ ကျမအိမ်အတွင်းက လောင်တာမဟုတ်ပါဘူး" လို့ ကြားခဲ့ပါတယ်။ မီးလောင်ကျွမ်းရာကို မြို့နယ်မီးသတ်ကား၊ ရပ်ကွက်မီးသတ်ကား၊ ရေသယ်ကား စုစုပေါင်း ၁၇ စီး နဲ့ ဝိုင်းဝန်းငြိမ်းသတ်ရာ မနက် ၅ နာရီမှာ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ဓနိမိုး၊ ပျဉ်ကာနေအိမ် ၃ လုံးနဲ့ သွပ်မိုး၊ တိုက်အိမ် ၁ လုံး စုစုပေါင်း နေအိမ် ၄ လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ မြတ်ထွဋ် ( မြိတ် )
3 years Ago
Up