ဂွါတီမာလာ ဖွယ်ဂိုမီးတောင် ပေါက်ကွဲမှုကနေ အသက်မသေဘဲ လွတ်မြောက်သူ အမျိုးသမီးနဲ့ ဆေးဘက်ဆိုင်ရာ ညွှန်မှူးတို့က မီးတောင်ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။
ဂွါတီမာလာနိုင်ငံမှာ ဇွန်လ ၃ ရက်နေ့ကစပြီး ဖွယ်ဂိုမီးတောင် ပေါက်ကွဲမှုကြောင့် လူ ၁၀၀ နီးပါး သေဆုံးခဲ့ပြီး ၂၀၀ လောက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
အဲဒီမီးတောင်ပေါက်ကွဲမှုကနေ အသက်ရှင်ကျန်ရစ်ခဲ့သူ တစ်ဦးက အခုလို ပြောပြခဲ့ပါတယ်။
“ကောင်းကင်ဘုံမှာ ရှိနေတဲ့ ကျမရဲ့ မိဘနှစ်ပါးကို ကျေးဇူးတင်တယ်။ ကျမ ဝေဒနာတွေ ခံစားရနေပေမယ့် ကျမ မသေသေးဘူး၊ စကားပြောနိုင်သေးတယ်။ ဒီအဖြစ်ဆိုးကြီးနဲ့ ကြုံတွေ့ရတာ မကောင်းဘူး။ ဒါကို ကြုံလိုက်တဲ့အချိန် ကျမလှည့်ကြည့်လိုက်တဲ့အခါ ကျမ နှုတ်ကနေ ထွက်သွားတယ်။ ဒါမီးတောင်ပေါက်တာ မဟုတ်ဘူး။ ဒါကမ္ဘာပျက်တာပဲ။” လို့ ဒဏ်ရာရ အမျိုးသမီး ဂလက်ဒီ ဟာနန်ဒက်ဇ်က ပြောခဲ့ပါတယ်။
မီးတောင်ပေါက်ကွဲမှု အခြေအနေနဲ့ ပတ်သက်လို့ ဆေးဘက်ဆိုင်ရာ ညွှန်မှူး ဟွမ်ကားလို့စ်က “ဇွန်လ ၃ ရက်နေ့က စပြီး လက်ရှိ အချိန်အထိ အ၀ါရောင် သတိပေးချက် ထုတ်ပြန်ထားတာပါ။ လက်ရှိဖြစ်ပေါ်နေတဲ့ မီးတောင် အခြေအနေအရ ဆေးရုံဝန်ထမ်းအားလုံး ဌာနမှာ အချိန်ပြည့် ရှိပါတယ်။ ကျနော်တို့ ဒီမှာ ရှိနေပါတယ်။” လို့ ပြောခဲ့ပါတယ်။
မီးတောင်ပေါက်ကွဲမှုကြောင့် အနီးရှိ ဆန်မီဂဲလ် လို့စ်လော့သဲ ရွာလေးဟာ ပူနွေးဆဲ ပြာတွေ ဖုံးလွှမ်းနေဆဲဖြစ်ပြီး ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ အိမ်ခေါင်မိုးတွေကိုသာ မြင်တွေ့ရပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာလည်း ချော်ရည်ဖုံးနေတဲ့ အိုးအိမ်တွေထဲက အသက်ရှင် ကျန်ရစ်သူကို ၄ ရက်မြောက်အနေနဲ့ ရှာဖွေနေကြပါတယ်။
ဖွယ်ဂိုမီးတောင်ပေါက်ကွဲမှုဟာ နှစ်ပေါင်း ၄၀ အတွင်း အကြီးမားဆုံးဖြစ်ပြီး လူပေါင်း ၁၂,၀၀၀ ကျော်ကို ဘေးလွတ်ရာပြောင်းရွှေ့ခဲ့ရပါတယ်။
5 years Ago